Home » » ရဲအရာရှိ နှစ်ဦးနှင့် မီးသတ်အရာရှိ တစ်ဦးကို မူးယစ်ဆေး သုံးစွဲမှုဖြင့် ဖမ်းဆီး

ရဲအရာရှိ နှစ်ဦးနှင့် မီးသတ်အရာရှိ တစ်ဦးကို မူးယစ်ဆေး သုံးစွဲမှုဖြင့် ဖမ်းဆီး

Written By Unknown on Saturday, July 13, 2013 | 1:53 PM

မိတ္ထီလာ၊ ဇူလိုင် ၁၂

နေပြည်တော် မှုခင်း ဖော်ထုတ်ဖမ်းဆီးရေး အထူးအဖွဲ့သည် ဇွန်လ ၂၂ ရက်နေ့က ပျော်ဘွယ်မြို့နယ် ရဲစခန်းကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ ဒုရဲအုပ် နီနီလင်း၊ ဒုရဲအုပ် အောင်မြတ်ဦးနှင့် ပျော်ဘွယ်မြို့နယ် မီးသတ် ဦးစီးဌာန ဒုဦးစီးမှူး ဇင်မင်းထွန်းတို့ကို မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ဖမ်းဆီး ခဲ့ကြောင်း အဆိုပါ မှုခင်း ဖော်ထုတ်ဖမ်းဆီးရေး အထူးအဖွဲ့ ခေါင်းဆောင် ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

ပျော်ဘွယ်နှင့် မိတ္ထီလာမြို့နယ်အတွင်းရှိ စိတ်ကြွ ရူးသွပ်ဆေး ဖြန့်ဖြူး ရောင်း ချ သုံးစွဲမှု၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် နှစ်လုံးထီ လောင်းကစားမှုများကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က စတင်၍ ကွင်းဆင်း ဖော်ထုတ် ဖမ်းဆီး ခဲ့ရာမှ ယင်းသို့ ဖမ်းဆီးနိုင်ခြင်း ဖြစ်ကြောင်း အထူးအဖွဲ့ ခေါင်းဆောင် ရဲမှူးကြီး အောင်မြတ်မိုးက ရှင်းပြသည်။

ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ ကွင်းဆင်း စစ်ဆေးမှုများအရ စိတ်ကြွရူးသွပ်ဆေး ဖြန့်ဖြူးရောင်းချ သုံးစွဲမှု၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် နှစ်လုံးထီ လောင်းကစားမှုများနှင့် ပါဝင်ပတ်သက်သူ ၁၅ ဦးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း အဆိုပါမှုခင်း အထူးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရဲအရာရှိ နှစ်ဦးကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူမှာဖြစ်ပြီး မီးသတ် ဒုဦးစီးမှူး ကိုတော့ ဌာနဆိုင်ရာက အရေးယူမှု ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီးေ အာင်မြတ်မိုးက ဆိုသည်။

ယင်း ဖမ်းဆီးရမိခဲ့သော စိတ်ကြွ မူးယစ်ဆေး ဖြန့်ဖြူး သုံးစွဲမှုများတွင် ရဲအရာရှိ နှစ်ဦး၊ မီးသတ်အရာရှိ တစ်ဦးအပြင် တပ်မတော်သား တစ်ဦးနှင့် ဆရာဝန် တစ်ဦးတို့ ပါဝင် ပတ်သက်လျက်ရှိကြောင်း ရဲမှူးကြီး အောင်မြတ်မိုး က ပြောကြားသည်။

ဇွန်လ၂၈ ရက်နေ့တွင် ပျော်ဘွယ်မြို့ ရွှေပြည်ရန်အောင် ရပ်ကွက်နေ ဒေါက်တာ အေးဟန် မောင်းနှင်လာသော အဖြူရောင် Nissan March ကားကို ရပ်တန့် ရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ စိတ်ကြွ ဆေးပြား လေးပြားနှင့် ၎င်း၏ နေအိမ်အတွင်းမှ ဆေးသုံးစွဲရာတွင် အသုံးပြုသော ပစ္စည်းများကို ဖမ်းဆီး ရရှိခဲ့ကြောင်း နေပြည်တော် မှုခင်း ဖော်ထုတ်ဖမ်းဆီးရေး အထူးအဖွဲ့ထံမှ သိရသည်။

အဆိုပါ အမှုကို ကွင်းဆက်လိုက် ဖော်ထုတ်ချက်အရ ဇွန်လ ၃၀ ရက်နေ့တွင် မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက်ရှိ မိတ္ထီလာ အမှတ် (၁) ရှေ့တန်း အခြေချ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် တပ်သား ကျော်စွာရှိန်နှင့် ဇနီး မြင့်မြင့်ဝေ၏ နေအိမ်တွင် စိတ်ကြွ ရူးသွပ်ဆေးပြား နှစ်ထောင် ကျော်ကို ဖမ်းဆီးမိခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

The Voice Weekly