Home » » တိုင်းလိုင် ရှမ်းနီ စာပေ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ

တိုင်းလိုင် ရှမ်းနီ စာပေ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ

Written By Unknown on Sunday, July 7, 2013 | 8:04 PM

စစ်ကိုင်းကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်မှ တိုင်းလိုင် (ရှမ်းနီ) ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု ၀တ်ဆုံနှင့် အလံများ သတ်မှတ်ခြင်း နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို (၇.၇.၂၀၁၃)နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ အေးမြမြိုင် ရိပ်သာမှာ ဆွေးနွေး၊ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 တိုင်းလိုင်(ရှမ်းနီ) စာပေ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲသို့ -
၁။ ဒေါ်ခင်ပြုံးရည်  ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီး ကချင်ပြည်နယ်
၂။ ဦးစန်ရွှေ ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီး စစ်ကိုင်းဒေသကြီး
၃။ ဦးစံပြည့် ကချင်ပြည်နယ် အမှတ်(၇) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၎။ ဦးဖေသောင်း ကချင်ပြည်နယ် အမှတ်(၆) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၅။ ဦးမျိုးဆွေ တနိုင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၆။ ဦးကျော်စိုးလေး မိုးညင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၇။ ဦးအောင်ချစ်လွင် ခမ်တီးမြို့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၈။ ဦးဝင်းခေါင် ရဲမှူးကြီး
၉။ ဗိုလ်မှူးကြီး စန်းအောင် (ပို့/ဆက်) ညွှန်ချုပ်
၁၀။ ရဲရေးချုပ် ရဲမှူးချုပ် ဦးသိန်းတင့် တို့ ပါဝင်တက်ရောက်ခဲ့ကြပြီး  လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု ၀တ်စုံနှင့် အလံများ သတ်မှတ်ခြင်း ကိစ္စရပ်များနှင့် ပက်သက်ပြီး ဟောပြော၊ ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံ၊ ညှိနှိုင်း၊ နှီးနှောဖလှယ်ပွဲသို့ တိုင်းလိုင် (ရှမ်းနီ) ရှမ်းတိုင်းရင်းသားများ (၆၀) ခန့် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

တိုင်းလိုင် ရှမ်းနီ စာပေ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲမှာ -

ရှမ်းတိုင်းရင်းသားဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရှမ်းကိုယ်စားလှယ် အသီးသီးတို့မှ -  တိုင်းလိုင် (ရှမ်းနီ) လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု ၀တ်ဆုံနှင့် အလံများကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ၂၀၁၄-မှာ ကောက်ယူမယ့် သန်းခေါင်းစာရင်းမှာ ထည့်သွင်းနိုင်ဖို့တို့ကို ဆွေးနွေး၊ ညှိနိုင်းခဲ့ကြပြီး မိမိတို့ တိုင်းလိုင် (ရှမ်းနီ) ရှမ်းတိုင်းသားများ အများစု နေထိုင်ခဲ့ကြသော နယ်မြေဒေသတွေမှာ ဆန့်ဘက်လူမျိုးစုတွေရဲ့  နယ်မြေချဲ့ထွင် လွှမ်းမိုးလာမှုတွေကြောင့် လူမျိုး၊ စာပေ ယဉ်ကျေးမှုတို့ တိမ်ကော ပပျောက် မှေးမှိန်လာနေသည့် အခြေအနေများကို ပြန်လည် ဖေါ်ထုတ် သတ်မှတ်နိုင်ရေး၊ အင်အားတွေ ပြန်လည်စုစည်းနိုင်ရေး၊ မြန်မာနဲ့ ကမ္ဘာမှာ နာမည်နှင့် လူမျိုး ပျောက်နေတဲ့ တိုင်းလိုင် (ရှမ်းနီ) ရှမ်းလူမျိုးတွေရဲ့အရေးကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ အပြင်  မိမိတို့ရဲ့ စာပေ ယဉ်ကျေးမှု၊ လူမျိုးနှင့် နယ်မြေများကို ကာကွယ် စောင့်ရှောက် ဖေါ်ထုတ် နိုင်ရန်နှင့် ဆန့်ကျင်ဘက် လူမျိုးစုတွေရဲ့ လွှမ်းမိုးမှုမှ ကာကွယ်ရန် ရှမ်းနီဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပါ တောင်းနိုင်ဖို့အထိ အားထုတ်၊ စုစည်း၊ ညီညွှတ် သွားကြဖို့ အကြံပြု ဆွေးနွေး ဟောပြောခဲ့ကြပါတယ်။

ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားဝန်ကြီးကတော့ -

     ကျွန်မတို့ ရှမ်းမျိုးနွယ်တွေက လွန်ခဲ့သော နှစ်ပေါင်း (၆၀၀၀) လောက်ကတည်းက မွန်ဂိုကုန်းမြင့်မှသည် ဟိမ၀န္တာတောင်ကြောမှတဆင့် ဧရာဝတီမြစ်ဝှမ်းနှင့် ချင်းတွင်းဝှမ်းတလျှောက်မှာ ကြီးကျယ် ခန်းနားတဲ့ ရှမ်းနယ်တကြီး တနယ်ဖြစ်ခဲ့တယ် ဆိုတာ မြန်မာ့ စွယ်စုံကျမ်း အတွဲ(၁၁) နှာ- ၃၉၆ မှာ ဖေါ်ပြထားပါတယ်။ ကျွန်မတို့ ဘိုးဘွားတွေ တည်ထောင်ခဲ့တဲ့ ရှမ်းပြည်ကြီးကို ရဲရင့်သူတို့၏ ဋ္ဌာနေကို ကျွန်မတို့ ရှမ်းတို့ ရှမ်းမျိုးတွေ ဘယ်နည်းဘယ်ပုံ ရောက်လာခဲ့ကြတယ်၊ တည်ထောင်ခဲ့ကြတယ် ဆိုတာ ကို အားလုံးကို သိစေချင်ပါတယ်။ ကျွန်မတို့ ဘိုးဘွားတွေရဲ့ ရည်ရွယ်ချက်၊ မျှော်လင့်ချက် တွေကို ထိန်းသိန်းစောင့်ရှောက်ဖို့ ကျွန်မတို့ မျိုးနွယ်စုအားလုံးမှာ တာဝန်ရှိပါတယ်၊ ကျွန်မတို့ ကချင်ပြည်နယ်မှာ ရှိတဲ့ ရှမ်းတွေဟာ ကချင်(၆)မျိုးနှင့် ရောနှောပြီး နေရသည့်အတွက် ပျောက်မတတ်ဖြစ်တယ်၊ သူများလက်အောက်မှာ နေနေရတယ်၊ ဒါကြောင့် ကျွန်မတို့ ကချင်ပြည်နယ်က ရှမ်းတွေရော၊ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ရှမ်းတွေရော တစုတစည်းထဲ ဖြစ်ဖို့လိုပါတယ်၊ဒါမှလည်း ကျွန်မတို့ အင်းအားရှိမှာ ဖြစ်ပါတယ်၊ ကချင်ပြည်နယ်ဆိုတာ - ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက်နေ့ကမှပေါ်တာပါ၊ (၆၆)နှစ်ပဲ ရှိပါသေးတယ်၊ အဲဒီ (၆၆)နှစ်မတိုင်ခင် ဘာလူမျိုးတွေ နေခဲ့သလဲ ဆိုတာ လူတိုင်းသိဖို့လိုပါတယ် ကျွန်မတို့က မြေလည်း ပျောက်တယ်၊ လူမျိုးလည်း ပျောက်နေပါတယ်၊ ၁၉၄၇-ခုနှစ် ပင်လုံစာချုပ်မှာ ဗန်မော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်ကို ကချင်ပြည်နယ်ထဲ ထည့်သွင်းဖို့ ကချင်ကိုယ်စားလှယ်တွေက တောင်းဆိုတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက လက်မခံခဲ့ပါဘူး၊ တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြရန်လို့သာ တိုင်းရင်းသားလူမျိုးရေးရာ စာအုပ်-စာမျက်နှာ- ၂၇၆ မှာ ဖေါ်ပြထားပါတယ်လို့ အစရှိသဖြင့် ဟောပြောသွားခဲ့ပါသေးတယ်။

ဆက်လက်ပြီး အစည်းအဝေး ဒုတိယပိုင်းအနေနဲ့ နေ့ (၂း၁၃)ခန့်အချိန်တွင် မြစ်ကြီးနား၊မိုးကောင်း၊ မိုးညင်း၊ ဗန်းမော်၊ မိုးမောက်၊ ဖားကန့်၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ်များမှ မြို့နယ်အလိုက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဦးကောလေ