Home » » အရက်ဖြူ သောက်၍ လူနှစ်ဦး သေဆုံးမှု စတင် စစ်ဆေး

အရက်ဖြူ သောက်၍ လူနှစ်ဦး သေဆုံးမှု စတင် စစ်ဆေး

Written By Unknown on Friday, July 26, 2013 | 2:26 PM

ရန်ကုန်၊ ဇူလိုင် ၂၅

ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်တွင် အရက်ဖြူ သောက်သုံး၍ ဇူလိုင်လ ၁၇ နှင့် ၁၉ ရက်တွင် လူနှစ်ဦး သေဆုံးပြီး လေးဦး ဆေးရုံတင် ကုသခဲ့ရသည့် အမှုကို စစ်ဆေးနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ထုတ်ပြန်သည်။

ပေါက်တောမြို့နယ် ပိန္နဲချောင်း ကျေးရွာတွင် နေထိုင်သူ ငါးဦးသည် စစ်တွေမြို့က ဝယ်ယူလာသည့် အရက်ဖြူကို ဇူလိုင်လ ၁၄ ရက်နေ့ က သောက်သုံးခဲ့ပြီး မူးဝေ အော့အန်၍ စစ်တွေမြို့ ဆေးရုံသို့ ပို့ဆောင် ကုသစဉ် ဇူလိုင်လ ၁၇ ရက်နေ့တွင် တစ်ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း အဆိုပါ ကျေးရွာသား တစ်ဦး အရက်ဖြူ သောက်ကာ သုံးရက်အကြာတွင် အော့အန် သေဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ပေါက်တောမြို့နယ်တွင် လူငါးဦး အရက်ဖြူ သောက်သုံးပြီး တစ်ဦး သေဆုံး၍ ၎င်း၏ အစာအိမ်အတွင်းမှ အရည်များကို စစ်ဆေးရန် ဓာတုဗေဒဝန် ရုံးသို့ ပို့ဆောင်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အရက်များသည် တရားဝင် ခွင့်ပြုချက် ရရှိထားသည့် အရက် ဟုတ် မဟုတ်နှင့် အရက် ဖော်စပ်ပုံများကို သက်ဆိုင်ရာက စုံစမ်း စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

အရက်ဖြူ သောက်ခဲ့သည် ငါးဦးအနက် မောင်နီဆိုသူသည် အဆိုပါ အရက်ဆီများကို စစ်တွေမြို့ မြို့မ ဈေးကြီးက တစ်ပုလင်း ၁၀၀၀ ကျပ်နှုန်းဖြင့် ငါးပုလင်း ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ကျေးရွာတွင် ပြန်လည် ရောင်း ချသူ ဖြစ်ကြောင်း၊ မောင်နီ အရက် ဝယ်ယူခဲ့သည့် မူရင်းဆိုင်ကို စစ်တွေမြို့ ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာ အရက်ဆီ ငါးဂါလန်ဆံ့ ပလတ်စတစ်ဘူးဖြင့် တစ်ဘူး၊ ရေသန့်ဘူးဖြင့် ထည့်ထားသည့် အရက်ဆီ သုံးဘူးကို ဖမ်းဆီး ရမိခဲ့ရာ ယင်းအရက်များကို ဓာတုဗေဒဝန် ရုံးသို့ ပို့ဆောင် စစ်ဆေးနေကြောင်း စစ်တွေမြို့ ရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

The Voice Weekly