Home » » သားအိမ်ခေါင်းကင်ဆာ ကာကွယ်စစ်ဆေးခြင်း စမ်းသပ်စီမံချက်စမည်

သားအိမ်ခေါင်းကင်ဆာ ကာကွယ်စစ်ဆေးခြင်း စမ်းသပ်စီမံချက်စမည်

Written By Unknown on Monday, July 15, 2013 | 11:49 AM

ရန်ကုန်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံတွင် အမျိုးသမီးများ ဒုတိယမြောက် သေဆုံးမှု အမြင့်ဆုံး ရောဂါဖြစ်သည့် သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် ပတ်သက်ပြီး ကာကွယ်စစ်ဆေးခြင်း စမ်းသပ်စီမံချက်ကို အောက်တိုဘာလတွင် ရမည်းသင်းနှင့် ပြင်ဦးလွင်မြို့နယ်တို့၌ စတင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ မိခင်၊ ကလေး ကျန်းမာရေးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြား သည်။

စမ်းသပ်စီမံချက်တွင် ယင်းမြို့နယ်တို့မှ သားဖွားဆရာ၊ ဆရာမများက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေရှိ အမျိုးသမီးများကို စမ်းသပ်ရှာဖွေကာ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဒါတွေ အစပျိုးတုန်း ရှိပါသေးတယ်။ ရန်ပုံငွေ လိုအပ်ချက် ရှိနေလို့ ဒါတွေ ဖြည့်ဆည်းဆောင်ရွက်ဖို့လည်း လိုအပ်နေတယ်” ဟု ဒေါက်တာသိင်္ဂီမြင့်က The Vocie သို့ ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေနှင့် စီမံချက်မြို့နယ် နှစ်မြို့နယ်မှ သားဖွားဆရာများအတွက် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော သင်တန်းများကိုလည်း လာမည့်လပိုင်းအတွင်း ပို့ချပေးမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

သားအိမ်ခေါင်းကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်မှု အများဆုံး ရောဂါတစ်မျိုးဖြစ်ပြီး အိမ်ထောင်ရှင် အမျိုးသမီးများတွင် ဖြစ်ပွားမှုနှုန်း ပိုများသောကြောင့် နိုင်ငံတကာတွင် ကာကွယ်ဆေးထိုး စီမံချက်များ၌ အသက် ၉ နှစ်မှ ၁၃ နှစ်ကြား လိင်ဆက်ဆံမှု မရှိသေးသည့် အရွယ်များကို ဦးစားပေး ဆောင်ရွက်လျက် ရှိသည်။

သားအိမ်ခေါင်းကင်ဆာ ရောဂါသည် HPV (Human Papilloma Virus) ဗိုင်းရပ်စ်ပိုးမှတစ်ဆင့် ကူးစက်ပြီး ကာကွယ်ဆေးဖြင့် ကြိုတင်ရှောင်ရှားနိုင်သော ရောဂါတစ်မျိုး ဖြစ်သော်လည်း ကာကွယ်ဆေး တန်ဖိုးမြင့်မားခြင်းနှင့် ကျန်းမာရေးအသိပညာ ချို့တဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးသူ အမျိုးသမီး နည်းပါးကြောင်း ဆေးပညာ အသိုင်းအဝိုင်းက သိရသည်။

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုနှင့် ကာကွယ်မှု နိမ့်ပါးသည့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ယင်းကင်ဆာကြောင့် သေဆုံးမှုနှုန်း နှစ်စဉ်မြင့်တက်လျက်ရှိပြီး သေဆုံးမှုများ၏ ၈၀ ရာခိုင်နှုန်းသည် သားအိမ်ခေါင်းကင်ဆာကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly