Home » » လူနေအိမ်ပျက်တွင် အမျိုးသားတစ်ဦး ဝင်ရောက်သေဆုံး

လူနေအိမ်ပျက်တွင် အမျိုးသားတစ်ဦး ဝင်ရောက်သေဆုံး

Written By Unknown on Thursday, July 18, 2013 | 9:13 PM

ရန်ကုန်၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဝေဠုဝန်တောင်ရပ်ကွက်၊ ၅ လမ်းရှိ လူမနေဘဲ ပျက်စီးနေသည့် အိမ်တစ်လုံးတွင် ဇူလိုင်လ ၁၆ ရက် နံနက် ၈နာရီက အသက် ၅၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ဝင်ရောက် သေဆုံးခဲ့ကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က ပြောကြားသည်။

စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်သိန်းအေးနှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူတွင် မည်သည့်ဒဏ်ရာမှမရှိဘဲ အိမ်ပျက်အတွင်းရှိ ကြမ်းပြင်ပေါ်တွင် မှောက်၍သေဆုံးနေ ကြောင်း၊ သေဆုံးချိန်တွင် အရက်အလွန်အကျွံ သောက်သုံးထားကြောင်း မြို့နယ်ရဲ စခန်းထံမှစုံစမ်း သိရှိရသည်။

“မသေခင်ညတုန်းက သီချင်းဆိုသံ၊ အော်ဟစ်သံများကို ကြားတယ်လို့ သိရတယ်” ဟု ၎င်းသေဆုံးခဲ့သည့် အိမ်အနီးတွင် နေထိုင်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က ပြောကြားသည်။

သေဆုံးသူသည် လွန်ခဲ့သည် ဆယ်နှစ်ခန့်က ဝေဠုဝန်တောင်ရပ်ကွက် ဗဟိုလမ်းပေါ်တွင် နေထိုင်ခဲ့ပြီး လွန်ခဲ့သော ၁၅ နှစ်ခန့်မှစ၍ ပြည်ရိပ်မွန်အိမ်ရာသို့ ပြောင်းရွှေ့နေထိုင်ရာမှ ၂၀၁၃ ခုနှစ် အစောပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ဝေဠုဝန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က The Voice သို့ ပြောကြားသည်။

၎င်းကိုလွန်ခဲသော ငါးနှစ်ခန့်က မိသားစုဝင်များက အိမ်ပေါ်မှ နှင်ချထားသဖြင့် ယခင်က လမ်းပေါ်တွင်သာ လျှောက်သွားနေခဲ့ခြင်း ဖြစ်ပြီး မိုးရွာသောကြောင့် ယင်းအိမ်အပျက်တွင် ဝင်ရောက်နေထိုင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကခန့်မှန်း ပြောကြားသည်။

The Voice Weekly