Home » » မိတ္တီလာ အရေးပေါ် အခြေအနေ ရုပ်သိမ်း

မိတ္တီလာ အရေးပေါ် အခြေအနေ ရုပ်သိမ်း

Written By Unknown on Saturday, July 20, 2013 | 4:15 PM

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင် မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ် များတွင် တည်ငြိမ် အေးချမ်းမှု ပျက်ပြားသည့် ပဋိပက္ခများ ဖြစ်ပေါ်မှုအား ဥပဒေကဲ့သို့ အာဏာတည်သော အရေးပေါ် အခြေအနေ ကြေညာသည့် အမိန့်အမှတ် (၁/၂ဝ၁၃) ကို (၂၂-၃-၂ဝ၁၃) ရက် တွင် ထုတ်ပြန် ကြေညာ၍ ထိန်းသိမ်း ခဲ့ပါသည် ကို ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံ တော် သမ္မတရုံးမှ ယနေ့ ဇူလိုင်လ (၂၀)ရက်နေ့ တွင် ထုတ်ပြန်ကြေညာ လိုက်ပါသည်။

(၂ဝ-၅-၂ဝ၁၃) ရက်တွင် အမိန့် ထုတ်ပြန်သည့် ရက်(၆ဝ) ပြည့်သော်လည်း တည်ငြိမ် အေးချမ်းမှု ထိန်းသိမ်းရန် လိုအပ်သဖြင့် အဆိုပါ အမိန့် ထုတ်ပြန်မှုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ အတည်ပြုချက် ရယူရန်နှင့် သက်တမ်း တိုးမြှင့် ပေးရန် တို့အတွက် (၂၁-၅-၂ဝ၁၃) ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အထူး အစည်းအဝေးသို့ တင်ပြခဲ့ရာ ကနဦး ထုတ်ပြန်ခဲ့သည့် အမိန့်ကို အတည်ပြုပြီး၊ အထူး အစည်းအဝေး ပြုလုပ်သည့် ရက်မှ စ၍ ရက်ပေါင်း (၆ဝ) အထိ ဆက်လက် အာဏာ တည်စေရန် အတည်ပြုခဲ့ပါသည်။ ထိုသို့ ဆက်လက် အာဏာတည်သည့် ရက်သည် (၁၉-၇-၂ဝ၁၃) ရက်တွင် ရက်(၆ဝ)ပြည့်ပြီး ဖြစ်ပါသည်။

မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ် နှင့် သာစည်မြို့နယ် များတွင် တည်ငြိမ် အေးချမ်းမှု ရရှိပြီး ဖြစ်သောကြောင့် ထုတ်ပြန်ထားသော အရေးပေါ် အခြေအနေ ကြေညာသည့် အမိန့်အား ယနေ့မှစ၍ ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါသည်။