Home » » စိန်ကမ္ဘာစက်ရုံ လုပ်သားများ တနင်္ဂနွေ ပိတ်ရက် သတ်မှတ်ပေးရန် တောင်းဆိုမှု မပြေလည်

စိန်ကမ္ဘာစက်ရုံ လုပ်သားများ တနင်္ဂနွေ ပိတ်ရက် သတ်မှတ်ပေးရန် တောင်းဆိုမှု မပြေလည်

Written By Unknown on Tuesday, July 30, 2013 | 9:32 PM

မန္တလေး၊ ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် စက်မှုမြို့သစ် ၆၂ လမ်းမကြီး ကျော်ကျော်အောင် ဈေး အနီးရှိ စိန်ကမ္ဘာ ချည်မျှင် စက်ရုံ အလုပ်သမား ၁၅၀ ဦးခန့်က တနင်္ဂနွေနေ့ကို အပတ်စဉ် ပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ရာ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းသော်လည်း အဆင်မပြေကြောင်း အဆိုပါ စက်ရုံရှိ စက်ရုံ အလုပ်သမားများက The Voice သို့ ပြောကြားသည်။

“တနင်္ဂနွေနေ့ပိတ်ရက် တောင်းဆိုတာ မပေးဘူး။ တောင်းဆိုတဲ့ အလုပ်သမားတွေ ကိုလည်း အလုပ် ထုတ်မယ် ပြောနေတယ်။ ဒီတောင်းဆိုမှု မပြေလည်တော့ ဒီကိစ္စကို နေပြည်တော် ခုံသမာဓိ ကောင်စီ အထိ တိုင်ကြားဖို့ စီစဉ်သွားမယ်” ဟု အဆိုပါ စက်ရုံရှိ စက်ရုံ အလုပ်သမား ဦးဇော်မြတ်သူက ဆိုသည်။

ယင်းစက်ရုံသည် ဥပုသ်နေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ရာ ၁၉၅၁ ခုနှစ် အလုပ်ရုံ အက်ဥပဒေ၊ ဥပဒေ ပုဒ်မ ၆၀ အရ တနင်္ဂနွေနေ့ကို ပိတ်ရက်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါစက်ရုံ ဝန်ထမ်းများက ပြောကြားသည်။

ယင်း စိန်ကမ္ဘာ ချည်မျှင် စက်ရုံတွင် စက်ရုံ အလုပ်သမား ၅၄၄ ဦးခန့် ရှိပြီး ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အလုပ်သမား ၁၅၀ ဦး ကိုယ်စား အလုပ်သမား ရှစ်ဦးက ဦးဆောင်ကာ ဥပုသ်နေ့အစား တနင်္ဂနွေနေ့ကို ပိတ်ရက်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးရန် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ရာ အလုပ်ရှင်က ဇူလိုင်လ ၂၉ ရက်နေ့တွင် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နှင့် အတူ အလုပ်သမားများကို ညှိနှိုင်း ဆောင်ရွက်ပေးမည် ဆိုခဲ့သဖြင့် ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၆နာရီကျော်ခန့်တွင် အဆိုပါ အလုပ်သမားများ ဆန္ဒ ထုတ်ဖော်မှု ရပ်ဆိုင်းခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ စက်ရုံ၌ တနင်္ဂနွေနေ့ကို ပိတ်ရက်အဖြစ် ပေးရန် အလုပ်ရှင်က သဘောတူမည် ဆိုခဲ့သဖြင့် ဇူလိုင်လ ၂၈ ရက်နေ့ (တနင်္ဂနွေ) နေ့၌ အလုပ်ချိန် နှစ်ဆိုင်းလုံးတွင် တောင်းဆိုသူ အလုပ်သမားများ အလုပ် မဆင်းကြကြောင်း၊ အဆိုပါ စက်ရုံ၌ အလုပ်သမားရေးရာ တောင်းဆိုမှုများ ယခုကိစ္စအပါအဝင် သုံးကြိမ်ခန့် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း အဆိုပါ စက်ရုံရှိ လခစား အမျိုးသား အလုပ်သမား တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ တနင်္ဂနွေနေ့ ပိတ်ရက်မို့ အလုပ် ပိတ်ရက် သတ်မှတ်မယ်မှတ်လို့ အလုပ်မဆင်း ဖြစ်တာပါ။ ဒါကို ကျွန်တော်တို့ အားလုံးကို စက်ရုံအပြင်ကို ထုတ်ပစ်တာ။ ဒါ မလုပ်သင့်ပါဘူး။ တနင်္ဂနွေ ပိတ်ရက်ကို ထပ်တောင်းဆိုသွားမယ်။ သူတို့ဘက်ကလည်း စက်ရုံပိတ်ပြီး အလုပ်သမား တစ်ဦးချင်း လျော်ကြေးပေးသွားမယ် ပြောတယ်။ ဒီလို လုပ်မယ် ဆိုလည်း လက်ခံပါတယ်” ဟု ၎င်းက ဆိုသည်။

စိန်ကမ္ဘာ ချည်မျှင် စက်ရုံတွင် ဇူလိုင်လ ၂၈ ရက်နေ့က အလုပ်သမားများ ဖြစ်ပွားခဲ့သော ကိစ္စသည် ဆန္ဒပြခြင်း မဟုတ်ကြောင်းနှင့် အဆိုပါ စက်ရုံ ပိတ်သိမ်းပြီး အလုပ်သမားများကို လျော်ကြေးပေးမည် ဆိုသည့် သတင်းမှာလည်း မဟုတ်မှန်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်က The Voice ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

The Voice Weekly