Home » » မျိုး/လွှတ်ဥက္ကဋ္ဌကိစ္စ သမ္မတရုံးနှင့် SB ရှင်းနေရ

မျိုး/လွှတ်ဥက္ကဋ္ဌကိစ္စ သမ္မတရုံးနှင့် SB ရှင်းနေရ

Written By Unknown on Friday, June 7, 2013 | 6:39 AM

ရန်ကုန်၊ ဇွန် ၆

ရက်သတ္တတစ်ပတ်ကြာသည်အထိ ပြန်လည်ရှင်းလင်းခြင်းမပြုသေးကြောင်း ယခင်အပတ်မြန်မာ သံတော်ဆင့်တွင် ဖော်ပြခဲ့သည့် ဦးခင်အောင်မြင့်၏ အလံဇောက်ထိုးဖြင့် ပြည်ပဧည့်သည်တော်တွေ့ဆုံ သောသတင်းဂယက်ကို သမ္မတရုံးနှင့် ရဲသတင်းတပ်ဖွဲ့ (SB) တို့ပါ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။

မေလ ၂၂ ရက်က ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဆွစ်ဇာလန်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံရာ၌ စားပွဲခုံပေါ်ရှိ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံ” ဇောက်ထိုးဖြစ်နေခြင်းကို မြန်မာသံတော်ဆင့်၊ မြန်မာပို့စ်နှင့် မီဒီယာအချို့၌ ဖော်ပြပါရှိခဲ့ပြီး မြန်မာပို့စ်အပတ်စဉ်သတင်းစာစောင်ပါ ဖော်ပြချက်အချို့နှင့်ဆက်စပ်၍ သက်ဆိုင်သူများက ပြန်လည် ဖြေရှင်းပေးရန် သမ္မတရုံး ညွှန်ကြားရေးမှူးဗိုလ်မှူး(ငြိမ်း) ဇော်ဌေး (The Voiceနှင့် The Yangon Times ဆောင်းပါးရှင်မှူးဇော်) က အင်တာနက်လူမှုကွန်ရက် ဖေ့စ်ဘွတ် (facebook) မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ သည်။ ယင်းကိစ္စကို မြန်မာပို့စ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူက ၎င်း၏ facebook စာမျက်နှာ၌ ““ကျွန်ုပ်တို့ မြန်မာပို့စ်အနေဖြင့် မရှင်းရဲသော၊ မရှင်းနိုင်သော၊ တာဝန်မယူနိုင်သော ကိစ္စရပ် တစ်ခုမှမရှိ ...။ “ဒုက္ခ” များနေသည်က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သူရေးချင်တာရေးသည်ကို မြန်မာပို့စ်အနေဖြင့် သူရေးထားတဲ့ စတေးတပ်ကို နောက်တစ်ပတ်ထွက်ရှိသည့် ဂျာနယ်တွင် ပြန်ထည့်ပေးဟူ၏။ မသိလျှင် သူပိုင် ဆိုင်သော သတင်းဂျာနယ်တစ်စောင်အလား ...။ သို့တည်းမဟုတ် လူမှုကွန်ရက် အသိုင်းအ၀ိုင်းပေါ်မှသူများနှင့် ဂျာနယ်အသိုင်းအ၀ိုင်းက သူ့ဆိုလျှင် ဖိန့်ဖိန့်တုန်အောင် ကြောက်နေသည်ဟု ထင်မြင်သွားစေရန် ရည်ရွယ်ပြီးများ ရေးလေသလားမသိ ...။ မေလ ၂၉ ရက်နေ့ကဟု ပြန်လည် တုံ့ပြန်ရေးသားခဲ့သည်။

ယင်းနောက်ပိုင်း အဆိုပါသတင်းဂယက်နှင့်ပတ်သက်၍ မြန်မာပို့စ်အယ်ဒီတာချုပ်ကို မေလ ၅ ရက်နေ့လယ်ပိုင်းက ဆက်သွယ်မေးမြန်းရာ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်မှတစ်ဆင့် မြန်မာပို့စ် တာဝန်ရှိသူများကို နေပြည်တော်သို့ ခေါ်သည့်အတွက် ယင်းသတင်း ကိစ္စကို အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ဖြေရှင်းရန် စောင့်ဆိုင်းလျက်ရှိကြောင်း၊ သတင်းဆိုသည်မှာ ပြည်သူ့ဆန္ဒသဘောထားကို အခြေခံတည်ဆောက် ရေးသားရသည့်အတွက် ယခုလည်း ပြည်သူ့ဆန္ဒသဘောထားဘက်မှ ရပ်တည်၍ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ မြန်မာသံတော်ဆင့်မှ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးထံ ဆက်သွယ်မေးမြန်းရာ ၎င်းက ““ကျွန်တော်တို့ကတော့ ပြောစရာမရှိပါဘူး။ မြန်မာပို့စ်ကို မေးလိုက်ပါ””ဟု ပြန်လည်ဖြေကြားသည်။

အရပ်သားအသွင်ပြောင်းအစိုးရလက်ထက်တွင် ယခုကဲ့သို့ အလံဇောက်ထိုး ပြုလုပ်ခြင်းဖြစ်ရပ် ၂ ကြိမ်တိုင် ဖြစ်ပေါ်ခဲ့ပြီး ပထမအကြိမ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီညီလာခံ၌ ယခင်ဥက္ကဋ္ဌ သမ္မတဦး သိန်းစိန်၊ လက်ရှိ ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ရှေ့မှောက်၌ ဖြစ်ပွားခဲ့သည်။ ယင်းကိစ္စများကို မြန်မာ ပို့စ်စာမျက်နှာပေါ်မှတစ်ဆင့် ဝေဖန် ပြောကြားသော တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးသတင်းတပ်ဖွဲ့က ခေါ်၍ တွေ့ဆုံကြောင်း သတင်းများထွက်ရှိခဲ့ပါသည်။ ယင်းကိစ္စကို ဦးရောဘတ်စန်းအောင်ထံ မြန်မာသံတော်ဆင့်က အတည်ပြုချက်ရယူရာ ၎င်းက ခေါ်ယူတွေ့ဆုံသည့် သတင်းမှန်ကန်ကြောင်း၊ သို့သော် ယခင်ခေတ်ကကဲ့သို့ ခြိမ်းခြောက်မှု မရှိဘဲ ညှိနှိုင်းဆွေးနွေးခြင်းသာ ဖြစ်ကြောင်း၊ နောင်တွင်ဝေဖန်ပါက လေသံအနည်းငယ်လျှော့ပေးရန် ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ ယင်းသို့ခေါ်တွေ့ခံရသည့်အတွက် ရပ်တည်ချက်ပြောင်းလဲမှု ရှိမည်မဟုတ်ဘဲ မိမိပြောကြားချက်များကို တာဝန်ယူကြောင်း၊ နိုင်ငံသားတစ်ယောက်အနေဖြင့် တာဝန်ကျေစွာ ပြောကြားပြီး ဖြစ်၍ တာဝန်ရှိသူများ အရေးယူဖြေရှင်းပေးမည့်ရက်ကို မျှော်လင့်နေကြောင်း ပြန်လည်ဖြေကြားပါသည်။ ၎င်း၏ပြောကြားချက်ကို မြန်မာပို့စ်တွင် ““နိုင်ငံခြားသားတွေလာတဲ့အချိန်မှာ အလံဇောက်ထိုး ထိုးပြတယ်ဆိုတာ ပြောရမယ်ဆိုရင် အစိုးရအဖွဲ့က ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေတာပဲ။ ကောင်းတာက သမ္မတကြီး ဦးသိန်းစိန်တို့ အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ပြီးတော့ တာဝန်ရှိတဲ့သူကို တရားစွဲပေးဖို့၊ အရေးယူဖို့လိုတယ် ...။ နိမိတ်သဘောအရ ကြည့်မယ်ဆိုရင် ဆန္ဒပြမှုတွေမှာ နေ့စားခရလို့ပြတယ်ဆိုပြီး သမ္မတကြီးက မုသားစကားပြောခဲ့တယ်။ ဒါဟာ သမ္မတကြီးကိုပဲ ဖယ်ရှားချင်လို့လားဆိုတာ စဉ်းစားရတော့မယ်။ အရင်တုန်းကလည်း ဦးစောမောင် စကားအပြောမှားလို့ ရာဇပလ္လင်ကနေဆင်းပြီး အနားယူသွားရတယ်””ဟု ဖော်ပြထားသည်။

ယင်းသတင်း၌ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ““ကျွန်တော်တို့ လွှတ်တော် စစချင်းနေ့မှာပဲ ၈ နာရီ ၅၅ မိနစ်မှာ စခဲ့တာရှိတယ်။ ၉ နာရီတိတိမှာ စလို့ရတာပဲ။ မစဘူး။ ယတြာတို့ဘာတို့နဲ့ ပတ်သက်ပြီး ကိုယ်က ယုံကြည်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ သုံးသင့်တာပေါ့။ ဒီလိုအများနဲ့ဆိုင်တဲ့ နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေမှာ မလုပ်သင့်ဘူး””ဟု မှတ်ချက်ပေးထားပါသည်။

by Myanmartandawsint Newspaper