Home » » မိမိအစိုးရ လက်ထက်အတွင်း ပုဒ်မ ၄၀၁ကို အသုံးချ အရေးယူခြင်း မပြုဟု သမ္မတကတိပြု

မိမိအစိုးရ လက်ထက်အတွင်း ပုဒ်မ ၄၀၁ကို အသုံးချ အရေးယူခြင်း မပြုဟု သမ္မတကတိပြု

Written By Unknown on Friday, June 7, 2013 | 6:34 AM

ရန်ကုန်၊ ဇွန် ၅

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တစ်လတစ်ကြိမ် ပုံမှန်ပြုလုပ်နေသော ရေဒီယိုမိန့်ခွန်း ပြောကြားမှုမှတစ်ဆင့် မိမိအစိုးရလက်ထက်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော နိုင်ငံရေး အကျဉ်းသားများကို ပုဒ်မ ၄၀၁အား နိုင်ငံရေးလက်နက်တစ်ခုသဖွယ် အသုံးပြု၍ အရေးယူရန် အစီအစဉ်မရှိကြောင်း ကတိပြုပြောကြားလိုက်သည်။

““ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို ရှေးရှုတဲ့ စေတနာသက်သက်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို လုပ်ဆောင်နေတာဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခု ယူရတာကလွဲပြီး တခြားနိုင်ငံရေး အမြတ်ထုတ်လိုမှု မရှိကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ် အကျဉ်းကျခံခဲ့ရသူ များနဲ့ ပတ်သက်လို့ ပုဒ်မ ၄၀၁ကို နိုင်ငံရေး လက်နက်တစ်ခုအနေနဲ့ အသုံးချပြီး အရေးယူခြင်းပြုလုပ်ရန် အစီအစဉ်မရှိကြောင်း တစ်ပါတည်း ပြောကြားလိုပါတယ်””ဟု နိုင်ငံတော် သမ္မတက ပြောသည်။

ထို့ပြင် သမ္မတက နိုင်ငံရေးအကျဉ်းသားများကို တစ်ပြိုင်နက် ပြန်လည်လွတ်ငြိမ်းချမ်းသာခွင့်မပြုဘဲ အကြိမ်ကြိမ်ခွဲ၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုနေခြင်း၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မပြုခြင်းတို့ပေါ် ပြောကြားနေမှုများကို ရှင်းလင်းပြောကြားခဲ့သလို ယခင်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းချထားရာတွင် ရာဇ၀တ်မှုနှင့် နိုင်ငံရေး ပြစ်မှု မကွဲပြားဘဲ ရှုပ်ထွေးခဲ့ကြောင်းလည်း ၀န်ခံပြော ကြားလိုက်သည်။

““ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို ရည်သန်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် အစဉ်အမြဲ အာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မျှ အကျဉ်းထောင်ထဲတွင် ရှိနေစေလိုခြင်းမရှိပါဘူး။ သို့သော်လည်း ယခင်ခေတ်အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇ၀တ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြားတဲ့ ကိစ္စရပ်တွေကို စိစစ် ဆောင်ရွက်နေရတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာဖြစ်ပါတယ်။ ယခုအခါမှာ ထိုကိစ္စရပ်များကို ရှင်းလင်းနိုင်ဖို့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ ပါဝင်မှုနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ အမှန်တကယ်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး လွတ်မြောက်တော့မှာဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံရေးနဲ့ ရောယှက်ပြီး အကြမ်းဖက်မှုများ၊ လူသတ်မှုများ၊ မုဒိမ်းမှုအစရှိတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေကတော့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံယူရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ် ကာလမှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ရာမှာ ကျွန်တော်တို့နဲ့ သဘောထားတူညီတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်””ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတ၏ မိန့်ခွန်းပါ ပြောကြားချက်များအပေါ် နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်မှ ကိုမြင့်ဝင်းမောင်က ““နိုင်ငံတော် သမ္မတကြီးပြောတဲ့ စကားကို တို့ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကို တကယ်လွှတ်ပေးတော့မယ်လို့ ထင်ပါတယ်။ ဒါကို ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ နောက် ၄၀၁နဲ့ ပတ်သက်လို့က ပယ်ဖျက်ဖို့ဆိုတာ လွှတ်တော်တင်ရမှာပါ။ ဒါပေမဲ့ သူ့လက်ထက်မှာ မကျင့်သုံးဘူးဆိုတာ တကယ် မင်္ဂလာစကားပါပဲ။ တိုင်းပြည်အတွက် ရင်ကြားစေ့ဖို့ ကိစ္စတွေအတွက် ဒီမိန့်ခွန်းက အထောက် အကူပြုပေးပါလိမ့်မယ်”” ဟု ပြောသည်။

ထို့နောက် ဆက်လက်၍ နိုင်ငံတော်သမ္မတအနေဖြင့် ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း ယခုအချိန်မှ ယင်းသို့ ပြောကြားရခြင်းမှာ နိုင်ငံတကာ ဖိအားပေးမှုနှင့် ပြည်တွင်းဒီမိုကရေစီ အင်အားစုများ၏ ဖိအားပေးမှု ကြောင့် ဖြစ်နိုင်သလို သမ္မတ အနေဖြင့် အားလုံးနှင့် ပြေလည်စေချင်သည့်ဆန္ဒ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ လာရောက်စေရန်၊ လူ့အခွင့်အရေးများကို လက်ရှိအစိုးရက တန်ဖိုးထားကြောင်း ကမ္ဘာကို အသိပေးချင်၍ ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခြင်းဖြစ်ကြောင်းလည်း ကိုမြင့်ဝင်းမောင်က သုံးသပ်သည်။

ပြီးခဲ့သည့် မေလအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပုဒ်မ ၄၀၁ဖြင့် အာဏာပိုင်များက အရေးယူမှုပြုလုပ်ခဲ့သဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းဒီမိုကရေစီအင်အားစုများက ဝေဖန်ပြောကြားခြင်းများ၊ သတင်းမီဒီယာများမှ ပြင်းထန်စွာ ဝေဖန်ထောက်ပြမှုများပြုလုပ်ခဲ့၍ အရေးယူပြီး မကြာမီ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပြန်လည်လွှတ်ပေးလိုက်ပြီးနောက် ယခုကဲ့သို့ သမ္မတ၏ တစ်လတစ်ကြိမ် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလာခြင်းဖြစ်သည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီတွင် ပါဝင်သူနိုင်ငံရေးအကျဉ်းသားဟောင်း ဦးသူရ(ခ)ဇာဂနာက ““သမ္မတ၏ ပြောကြားမှုအပေါ် အသုံးမချဘူးဆိုရုံနဲ့မရဘူး၊ ကွင်းလုံးကျွတ်လွတ် တယ်ဆိုတာ တရားဝင် ဖြစ်သွားပြီဆိုတာ တရားဝင် ကြေညာပေးသင့်တယ်””ဟု မီဒီယာသို့ ပြောကြား သည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ ၂၀၀ နီးပါး ကျန်ရှိနေသေးကာ ဦးသိန်းစိန်၏ အစိုးရသစ်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် (၈)ကြိမ်ဖြင့် အကျဉ်းသားပေါင်း ခြောက်သောင်းနီးပါး လွှတ်ပေးခဲ့ကာ ယင်းအထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်ခဲ့သည်။

by Myanmartandawsint Newspaper