Home » » NLD ပညာရေးကွန်ရက်ကို ပြည်ပရောက်မြန်မာများ ပြည်သူ့ဂုဏ်ရည်ဆု ပေးမည်

NLD ပညာရေးကွန်ရက်ကို ပြည်ပရောက်မြန်မာများ ပြည်သူ့ဂုဏ်ရည်ဆု ပေးမည်

Written By Unknown on Sunday, June 9, 2013 | 5:19 PM

ရန်ကုန်၊ ဇွန် ၈

မြန်မာနိုင်ငံအတွင်း လူမှုရေး လုပ်ငန်းများဆောင်ရွက်သည့် အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များကို ပြည်ပရောက် မြန်မာလူမျိုးများက ပုံမှန်ပေးအပ်သော ပြည်သူ့ဂုဏ်ရည်ဆုကို NLD ပညာရေး ကွန်ရက်အား ဇွန်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပေးအပ်မည်ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် အသင်းထံမှ သိရသည်။
အဆိုပါ ပြည်သူ့ဂုဏ်ရည်ဆုကို တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့တွင် မေလ ၂၆ ရက်နေ့က ပြုလုပ်သည့် စတုတ္ထအကြိမ် ဆုရွေးချယ်ပွဲတွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NLD ပညာရေးကွန်ရက်နှင့်အတူ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက် မှ ဦးဆောင်သူဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ သောက်ရေသန့်နည်းပညာ ဖြန့်ဝေသူ ဦးသန်းနိုင်နှင့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုး တက်ရေးကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကိုလည်း ပြည်သူ့ဂုဏ်ရည် အထူးဆုချီးမြှင့်ခဲ့သည်။

ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူကို ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ဒေါ်လာတစ်သောင်း ချီးမြှင့်မည်ဖြစ်ပြီး အထူးဆုအတွက် ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ဒေါ်လာတစ်ထောင် ပေးအပ်မည်ဖြစ်ကြောင်း အဆိုပါ အသင်းထံမှသိရသည်။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၁ ခုနှစ် မှ စတင်ချီးမြှင့်ခဲ့ပြီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ရွှေဝါရောင်တော်လှန်ရေး တွင် ဖမ်းဆီးခံရသူ ရဟန်းသံဃာနှင့် သီလရှင်များကို အကူအညီပေးခဲ့သူ ဒေါ်ရှု၊ ကချင်လူမျိုး လဖိုင်နော်မိန်းတို့ကို ယခင်နှစ် များက ဆုများပေးအပ်ခဲ့သည်။

The Voice Weekly