Home » » မလေးရောက် မြန်မာအလုပ်သမားများ ပြန်လာနိုင်ရန် MAI က ပထမဆုံး အခမဲ့ ပျံသန်းမည်

မလေးရောက် မြန်မာအလုပ်သမားများ ပြန်လာနိုင်ရန် MAI က ပထမဆုံး အခမဲ့ ပျံသန်းမည်

Written By Unknown on Saturday, June 29, 2013 | 5:20 PM

ရန်ကုန်၊ ဇွန် ၂၇

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က ပဋိပက္ခများဖြစ်ပွား ခဲ့သော မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် အထူး အစီအစဉ်အဖြစ် ဇွန်လ ၂၉ ရက်နေ့တွင် ပထမဆုံးအကြိမ် အခမဲ့ ပျံသန်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း လက်မှတ် အရောင်း မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။

"မလေးရှားနိုင်ငံမှာ တကယ် အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို စုစည်းပြီး ပထမဆုံး အခမဲ့ ပြေးဆွဲပေးတာပါ" ဟု ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းတွင် ပြေးဆွဲလျက်ရှိသည့် AirBus လေယာဉ် အမျိုးအစားဖြင့် မြန်မာအလုပ်သမား ၁၇၀ ကျော်ကို တင်ဆောင်၍ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယင်းနေ့ ည ၈ နာရီကျော်တွင် ဆိုက်ရောက် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် ဇွန်လ ၁၂ ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း သည် လေယာဉ် လက်မှတ်ခများကို အမေရိကန်ဒေါ်လာ ၇၀ နှုန်းဖြင့် ဈေးလျှော့ ပျံသန်းသည့် အစီအစဉ်ကိုလည်း လုပ်ဆောင်လျက် ရှိရာ ဇူလိုင်လ ၁၂ ရက်နေ့အထိဖြစ်ကြောင်း ယင်း လေကြောင်းလိုင်းထံမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းမှ မြန်မာလုပ်သားများ ပြန် လာနိုင်ရေးအတွက် မလေးရှား-ရန်ကုန် ခရီးစဉ် ခုနစ်ကြိမ်ပြေးဆွဲခဲ့ပြီး မလေးရှားပြန် မြန်မာလုပ်သား တစ်ထောင်ခန့် လိုက်ပါခဲ့ကြောင်း ယင်းလေကြောင်းလိုင်း လက်မှတ်အရောင်း မန်နေဂျာ ဒေါ်အေးမရသာ က ပြောကြားသည်။

၁၉၉၃ ခုနှစ်မှစ၍ ပြေးဆွဲခဲ့သော အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း သည် လက်ရှိတွင် လေယာဉ်ကိုးစင်းဖြင့် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဖနွမ်းပင်၊ ဆီယမ်ရိ၊ ဂါယာနှင့် ဆိုးလ်မြို့တို့ သို့ ပြေးဆွဲလျက်ရှိကြောင်း ယင်းလေကြောင်းလိုင်းထံမှ သိရသည်။

The Voice Weekly