Home » » အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် အခွန်ရှောင်မှုစစစ်

အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် အခွန်ရှောင်မှုစစစ်

Written By Unknown on Saturday, June 29, 2013 | 5:16 PM

ရန်ကုန်၊ ဇွန် ၂၈

မြေဈေး အဆမတန် မြင့်မားနေသည့် မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှုများ ပြုလုပ်ရာ၌ အခွန်ရှောင်မှုနှင့် ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန် ဆုံးရှုံးမှုများ ဖြစ်နေသဖြင့် စတင်စိစစ်နေပြီ ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြော ကြားသည်။

ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန်အတွက် မေလ အတွင်းက ဘုတ်အဖွဲ့အစည်း ဖွဲ့စည်း၍ အခွန်ရှောင်ခြင်းကို စတင်စိစစ်လျက် ရှိကြောင်း၊ အရောင်းအဝယ် ပြုလုပ်သူများက ကာလပေါက်ဈေးထက် လျော့နည်းစွာ ဖော်ပြခြင်းကြောင့် ဒေသအလိုက် အိမ်၊ ခြံ၊ မြေဈေးနှုန်းကို စံနှုန်းတစ်ခုစီ အသေးစိတ် သတ်မှတ်ကာ တစ်စတုရန်းမီတာအလိုက် အခွန်နှုန်း ခွဲခြားကောက်ခံမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရာတွင် အခွန်အပြည့်အဝ ထမ်းဆောင်ခြင်း မရှိသော ရောင်းဝယ်မှုများကို တာဝန်ယူလွှဲပြောင်း ဆောင်ရွက်ပေးသူ ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက
ပြောကြားသည်။

“အရောင်းအဝယ် တော်တော်များများမှာ သိန်း ၁၀၀၀ လောက်နဲ့ အရောင်းအဝယ် ဖြစ်ရင်တောင် အခွန်ဆောင်ဖို့ အတွက်ဆိုရင် သိန်း ၃၀၀ လောက်နဲ့ပဲ ဖြစ်တယ်လို့ လျှော့ပြီး စာရင်းပြကြတယ်” ဟု ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းက မန်နေဂျာ ဦးနေဇော်အောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် တစ်ရှိန်ထိုး မြင့်တက်လျက်ရှိသော အိမ်၊ ခြံ၊ မြေဈေးနှုန်းကို လျှော့ချရန် ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်၍ မြေဝယ်ခွန် နှုန်းထားကို ၃၇ ရာခိုင်နှုန်းဟု သတ်မှတ်၍ ကောက်ခံမှုများ ပြုလုပ်နေသည်။

The Voice Weekly