Home » » ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ လိင်ကိစ္စဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ လိင်ကိစ္စဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

Written By Unknown on Wednesday, June 26, 2013 | 9:48 AM

အီတလီ နိုင်ငံမှ တရားရုံး တစ်ခုသည် အသက်မပြည့်သည့် မိန်းကလေး တစ်ဦးကို အခကြေးငွေပေး၍ လိင်ဆက်ဆံခဲ့ကြောင်း ပြစ်မှုထင်ရှားခြင်းအတွက် ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီကို ထောင်ဒဏ် (၇)နှစ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရှိရသည်။ အီတလီ၏ အကြွယ်ဝဆုံး စာရင်းဝင် ဘီလျံနာ သူဌေးကြီး တစ်ဦးဖြစ်ပြီး နာမည်ကျော် အေစီမီလန် ဘောလုံးအသင်း၏ ပိုင်ရှင်လည်းဖြစ်သော ဘာလူစကိုနီအား တနင်္လာနေ့က အဆိုပါ ပြစ်ဒဏ် စီရင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဘာလူစကိုနီသည် လတ်တလောတွင် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည့်တိုင် ထောင်ဒဏ်ကိုမူ ချက်ချင်း အကျုံးဝင် ကျခံရဦးမည် မဟုတ်ဟုလည်း သိရသည်။ ၎င်းသည် အယူခံဝင်ရန် ကိစ္စမတိုင်မီ ပြစ်ဒဏ်ကို စတင်ကျခံရန် မလိုအပ်သေးဘဲ အဆိုပါ အယူခံ ကိစ္စသည်လည်း နှစ်ပေါင်း အတော်များများ ကြာမြင့်တတ်ကြောင်း သိရှိရသည်။ အသက်(၇၆)နှစ်ရှိ ဘာလူစကိုနီကမူ ၎င်းအပေါ် ချမှတ်သည့် စီရင်ချက်ကို ဝေဖန်ပြစ်တင်ခဲ့ပြီး နိုင်ငံရေးအရ လှုံ့ဆော်မှု တစ်ရပ်သာ ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

"လက်ခံဖို့ ခက်ခဲလွန်းတဲ့ ပြစ်ဒဏ် တစ်ရပ်ပါပဲ။ ပြောရရင် ဒီလို အကြမ်းပတမ်း စီမံမှုမျိုး မကြုံဖူးဘူး။ ဒီနိုင်ငံရဲ့ နိုင်ငံရေး ဘဝကနေ ကျွန်တော့်ကို အပြီးဖယ်ရှားဖို့ ကြိုးစားတာပဲ"ဟု ဘာလူစကိုနီက ဆိုသည်။ ၎င်းက "ကျွန်တော့် အနေနဲ့ စွဲချက်ကိုရော၊ စီရင်ချက်ကိုပါ ဆန့်ကျင် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော့်မှာ လုံးဝ အပြစ်မရှိပါဘူး။ အီတလီကို တကယ်ပဲ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံတစ်ခု အနေနဲ့ ရပ်တည်နိုင်ဖို့အတွက် ကျွန်တော် တိုက်ပွဲဝင်နေတာကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ပါဘူး"ဟုလည်း ပြောကြားခဲ့သည်။

ဘာလူစကိုနီသည် ညကလပ် တစ်ခုမှ ဆယ်ကျော်သက် ဖျော်ဖြေရေးမယ်လေး ကာရီမာ အယ်လ်မာရော့ကို အခကြေးငွေ ပေးကာ လိင်ဆက်ဆံခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် တရားရုံးက ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။ အယ်လ်မာရော့သည် ၎င်း၏ အသိုင်းအဝိုင်းတွင် "Ruby, the Heartstealer"ဟု ပိုမို၍ လူသိများသည်။ ဘာလူစကိုနီသည် မီလန်မြို့အနီးရှိ ၎င်း၏ စံအိမ်ကြီးတွင် လိင်မှုဆိုင်ရာ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲစဉ် Rubyကို ငှားရမ် ပျော်ပါးခဲ့ခြင်းဟု ဆိုသည်။ အမျိုးသမီး တရားသူကြီး (၃)ဦး ပါဝင်သော စစ်ဆေးရေး အဖွဲ့က (၂၀၁၀)ပြည့်နှစ်၊ အီတလီ ဝန်ကြီးချုပ် ရာထူးကို ဘာလူစကိုနီ ထမ်းဆောင်နေစဉ် အတောအတွင်း အဆိုပါ ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ ရားသူကြီးများက ယခုစီရင်ချက်အတွက် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဘရူနို အာချီ အပါအဝင် မျက်မြင်သက်သေ (၃၀)ခန့်၏ ထွက်ချက်များကိုပါ အခြေခံပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဟုလည်း ပြောကြားထားသည်။

Source: Reuters

Planet Myanmar Network