Home » » ကျောက်ဖြူစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရန် တရုတ်ဖိအားပေး

ကျောက်ဖြူစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရန် တရုတ်ဖိအားပေး

Written By Unknown on Wednesday, June 26, 2013 | 8:53 AM

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ဆောက်လျက်ရှိသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အမြန် အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံတော် ကောင်စီဝင်က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောဆိုလိုက် သည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြည်ထောင်စုဝန်ကြီးများအပါအဝင် နိုင်ငံ တော်သမ္မတနှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံတော် ကောင်စီဝင် ရန်ကျဲချိက ယခုကဲ့သို့ ပြောဆိုလိုက်သည်ဟု ယမန်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင် ရဲကျဲချိ က ''ကျောက်ဖြူစက်မှုဇုန်စီမံကိန်း အမြန် အကောင်အထည်ဖော်ရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင် ဆောင်ရွက် လိုပါကြောင်း''ဟူ၍ သမ္မတကို ပြောဆိုသွားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတော် ကောင်စီဝင်သည် တရုတ်နိုင်ငံတွင် သြဇာအာဏာအရှိဆုံး ကောင်စီဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတအပါအဝင် ဝန်ကြီး အဆင့်များနှင့် ဖွဲ့စည်းထားသည့် ကောင်စီဖြစ်သည်။

ကျောက်ဖြူ စက်မှုဇုန်သည် ဒေသခံတို့၏ မလိုလားမှုများနှင့် ရင်ဆိုင်နေရပြီး အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုး ရေးအတွက် အခြေခံလိုအပ်ချက်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပထမ ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ကျောက်ဖြူဒေသခံများက ယခုလ ၄ ရက်က သဘောထားကြေ ညာချက်တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

ယခုကဲ့သို့ဒေသခံများ၏ သဘောထားများ ထုတ်ပြန်နေချိန်တွင် တရုတ်နိုင်ငံတော် ကောင်စီဝင်က အထက်ပါ ကဲ့သို့ အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းနေခြင်း ဖြစ်သည်။

ကျောက်ဖြူတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်သည် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ကာ ၁၂ဝ စတုရန်ကီလိုမီတာ အကျယ်အဝန်းအတိုင်းအတာထိ ဆောက်လုပ်ရန် စီစဉ်ထားသည်။

စီမံကိန်းဖော်ဆောင်နိုင်ရေး လုပ်ငန်း စဉ်များကို ဂျပန်နိုင်ငံက ရေးဆွဲလျက်ရှိပြီး ၂ဝ၁၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ကာ ၂ဝ၁၆ ခုနှစ်တွင် ပထမအဆင့် လုပ်ငန်းစဉ်များ ပြီးစီးရန် မျှော်မှန်းထားသည်ဟု စီမံကိန်းရေးဆွဲနေသည့် JDI (Japan Development Institute) ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

တရုတ်၏ ဖိအားပေးမှုများ တစ်ဖက် တွင်ရှိနေသကဲ့သို့ ကျောက်ဖြူနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်သည့် ဂက်စ်နှင့် ရေနံပိုက်လိုင်း ဖောက်လုပ်ရာတွင် ပျက်စီးသွားသည့် လယ်မြေများအတွက်လည်း လယ်သမားက လျော်ကြေးတောင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ပြီးစီးမှုသည် မြန်မာနိုင်ငံကျောက်ဖြူမှ တရုတ်နိုင်ငံ ရွှေလီသို့ ကားလမ်းဖောက်လုပ်ရန် စီစဉ်ထားမှု၊ ကျောက်ဖြူ ရွှေသဘာဝဓါတ်ငွေ့ ပိုက်လိုင်းနှင့်လည်း ဆက်စပ်လျက်ရှိသည်။

မြတ်ကျော်သူ
Mizzima - News in Burmese