Home » » ဆက်သွယ်ရေးဝန်ကြီးဟောင်းပိုင် ကွန်ဒိုခန်း မီးလောင်

ဆက်သွယ်ရေးဝန်ကြီးဟောင်းပိုင် ကွန်ဒိုခန်း မီးလောင်

Written By Unknown on Monday, June 24, 2013 | 11:17 AM

ရန်ကုန်၊ ဇွန် ၂၃

ယခင် အစိုးရအရာရှိကြီးများနေထိုင်ရာ ကမ္ဘာအေးဗီလာ အတွင်းရှိ ကွန်ဒို (D) ရှိ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ် သိန်းထွန်း ပိုင်ဆိုင်ပြီး အိမ်ငှားချထားသည့် ကွန်ဒို တိုက်ခန်း၌ ဇွန်လ ၂၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းတပ်ဖွဲ့ထံမှ စုံစမ်း သိရှိ ရသည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက်ရှိ အဆိုပါ ဗီလာ အတွင်း ကွန်ဒို (D) လေးလွှာရှိ အခန်း ၃၀၂ တွင် အိပ်ခန်း တွင်း လေအေးပေးစက် Safeguard အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်း ခဲ့ပြီး ၁၅ မိနစ်အကြာတွင် မီးငြိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် အခန်းရှိ လေအေးပေးစက်၊ Safeguard ၊ မျက်နှာ ကြက် ၊ ကောဇော၊ မွေ့ရာနှင့် အဆိုပါ အခန်း တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ မှ တပ်ကြပ် ထွန်းထွန်းတွင် ခန္ဓာကိုယ် အပေါ်ပိုင်းနှင့်လက်နှစ်ဖက် မီးလောင် ဒဏ်ရာများ ရရှိခဲ့ သဖြင့် မြောက်ဥက္ကာလာပ ဆေးရုံကြီးတွင် တင်ပို့ ကုသလျက်ရှိကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။

အဆိုပါ ကွန်ဒို အခန်းကို ထိုင်းနိုင်ငံသား Mr. Cha Lerm Pong အပါအဝင် ထိုင်းနိုင်ငံသား လေးဦးနှင့် မလေးရှားနိုင်ငံသား တစ်ဦးတို့ ငှားရမ်းနေ ထိုင်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ၎င်းတို့ အနေနှင့် ဖြေဆိုခွင့် မရှိကြောင်း ပြန်လည် ဖြေကြားသည်။

The Voice Weekly