Home » » ဦးပိန်တံတားနှင့် တောင်သမန်အင်းအနီး စနေနေ့တိုင်း အမှိုက်ကောက်မည်

ဦးပိန်တံတားနှင့် တောင်သမန်အင်းအနီး စနေနေ့တိုင်း အမှိုက်ကောက်မည်

Written By Unknown on Sunday, June 16, 2013 | 7:57 PM

မန္တလေး၊ ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး မန္တလေး ခရိုင် အမရပူရမြို့နယ် တောင်သမန်အင်းရှိ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိသော ဦးပိန်တံတားနှင့် အနီးဝန်းကျင် နေရာများ၌ ဇွန်လမှ စက်တင်ဘာလအထိ အပတ်စဉ် စနေနေ့တိုင်း အမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ လမ်းညွှန်ချက် တစ်ခုဖြစ်သော ခရီးစဉ်ဒေသများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရန်ဟူသည့် အချက်ကို အကောင်အထည် ဖော်ရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ဧည့်နည်းသည့် ကာလတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ ဧည့်အဝင်များသည့် နေရာ များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အလေးထား ပြုလုပ်သင့်ကြောင်း ၄င်းကဆိုသည်။

အမှိုက်ကောက် သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာနှင့် သန့်ရှင်းရေးဌာန၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း (မန္တလေးဇုန်)၊ ငှက် (အမြီးရှည်၍ လှော်ခတ်ရသည့်လှေ) ရေယာဉ်အသင်း၊ နိုင်ငံခြားသား ခရီးသည်တင် ယာဉ်မောင်းများ၊ Diethem ခရီးသွားကုမ္ပဏီ စသည့် အဖွဲ့အစည်းများ ပါဝင် လှုပ်ရှားကြမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကပြောဆိုသည်။

Diethem ခရီးသွားကုမ္ပဏီသည် ဦးပိန်တံတားနှင့် အနီးတွင် နှီးအမှိုက်တောင်း ၁၀ လုံးကို လှူဒါန်းခဲ့သည့် အပြင် အမှိုက်ကောက် သန့်ရှင်းရေး လုပ်ဆောင်ရန် ဒေသခံ ဝန်ထမ်းနှစ်ဦးကို ဇွန်လမှစက်တင်ဘာလ အထိ ခန့်ထားပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနထံမှ သိရသည်။

ဇွန်လ ၁၅ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီ ၃၀ မိနစ်အထိ ဦးပိန်တံတားနှင့် အနီးတွင် အဆိုပါဌာနဆိုင်ရာ များနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သောလူ ၁၂၀ ခန့်သည် အမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်ခဲ့ သည့်အပြင် အမှိုက်ကောက်ကြရန် သတိပေး စတစ်ကာများကို ယင်းတံတား ပေါ်နှင့် အနီးတစ်ဝိုက်တွင် ကပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (မန္တလေးဇုန်) ထံမှ သိရသည်။

"ဧည့်ပါးတဲ့ ဒီလိုချိန်မှာ သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်း အာဏာပိုင်တွေ ပူးပေါင်း လုပ်ဆောင်သွားရ မှာပါ။ ဒါမှလည်း ဒေသခံတွေကို သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး အသိပေးရာလည်း ရောက်တယ်" ဟု မန္တလေးဇုန်မှ ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

The Voice Weekly