အမေရိက ခရီးစဉ်အတွင်း တွေ့ခဲ့ဆုံခဲ့၊ ရင်းနှီးခဲ့သော တစ်လှေတည်းစီး တစ်ခရီးတည်းသွား တရုတ် သူငယ်ချင်းများ၊ သူတို့နှင့်အတူ စားခဲ့သောက်ခဲ့သော တရုတ်စာများ၊ လည်ခဲ့ပတ်ခဲ့သော တရုတ်တန်းများ အကြောင်း ရေးသားပြီးချိန်တွင်ပင် တရုတ် ပြည်မကြီးသို့ ထပ်ရောက်သွားခဲ့သည်။ ၂၀၀၆ ခုနှစ်က တရုတ်နိုင်ငံသို့ ပထမအကြိမ် ရောက်ခဲ့ရာ ခြောက်နှစ်အကြာတွင် တရုတ်သို့ နောက်တစ်ကြိမ် ထပ်ရောက်ခြင်း ဖြစ်သည်။ မြို့ကြီးတစ်မြို့တွင် နေသူချင်းပင် မြောက်ခြမ်းတွင် နေသူတို့ မြို့တောင်ခြမ်းသို့ သုံးလေးလ မရောက်ဖြစ်လျှင် မမှတ်မိလောက်အောင် ပြောင်းလဲနေသည်ဟု ပြောစမှတ် ပြုအောင် မြန်ဆန်လှသည့် တရုတ်၏ အပြောင်းအလဲကို လေ့လာရတော့မည်ဟု ဝမ်းသာမိသည်။
ယခင်တစ်ခေါက် တရုတ်နိုင်ငံသို့ ဝင်စဉ်က မြို့တော်ဘေဂျင်း (ယခင်အခေါ် ပီကင်း) မှဝင်ရသည်။ လူဝင်မှု ကြီးကြပ်ရေးက ဘာမျှပင် မစစ်သောကြောင့် အတော်စိတ်ပေါ့ပါးခဲ့သည်။ ယခုတစ်ခေါက်က မြန်မာနိုင်ငံနှင့် ကပ်လျက် အိမ်နီးချင်း ယူနန်ပြည်နယ် မြို့တော်ကူမင်းကနေ တရုတ်ပြည်တွင်း ဝင်ရသည်။ ခရီးစီစဉ် ဖိတ်ကြားသူက ထိုင်းမှတစ်ဆင့် သွားလိုသလားမေးတော့ ထိုင်းသုဝဏ္ဏ ဘူမိလေဆိပ်မှ တစ်ဆင့်သွားနေကျ ဖြစ်သောကြောင့် တရုတ်ပြည်တွင်း လေဆိပ်တွင် တစ်ထောက်နားပြီး သွားလိုပါသည်ဟု ဖြေလိုက်သည်။ သို့ကြောင့်ထင့် တရုတ်လေကြောင်းလိုင်း Air China ကိုစီးပြီး ကူမင်းတွင် တစ်ထောက်နားရသည်။ လေယာဉ်ပေါ်က ဆင်းသည်နှင့် လူဝင်မှု ကြီးကြပ်ရေး ကောင်တာနှင့် တိုးတော့သည်။ ဗုဒ္ဓေါ … ဘေဂျင်းရောက်မှ လူဝင်မှု ကြီးကြပ်ရေးနှင့် တွေ့မှာ မဟုတ်ဘူးလား။ နောက်မှ စဉ်းစားမိသည်။ တရုတ်ပြည်တွင်းသို့ စဝင်ပြီ ဖြစ်သောကြောင့် ကူမင်းလေဆိပ်တွင်ပင် တရုတ်ပြည်တွင်းသို့ ဝင်ခွင့် စစ်ဆေးလိုက်ခြင်း ဖြစ်သည်။ ကူမင်းလေဆိပ်မှ တက်သည်နှင့် ပြည်တွင်းလေကြောင်း ခရီးစဉ် ဖြစ်သွားပြီ။ နောက်ထပ် လူဝင်မှု ကြီးကြပ်ရေး ဖြတ်သန်းရန် မလိုတော့။
ကူမင်းလေဆိပ် လူဝင်မှု ကြီးကြပ်ရေးကောင်တာတွင် တန်းစီပြီး ထိပ်ဆုံးရောက်သည့် အခါကျမှ Arrival Card (မိမိရောက်ရှိကြောင်း ဖြည့်ရသည့်စာရွက်) ဖြည့်ပါဟု ပြောသည်။ လေယာဉ်ပေါ်တွင် လေယာဉ်မယ်၊ လေယာဉ်မောင်တွေက တစ်လုံးတစ်ပါဒ ဘာဆိုဘာမျှ မပြောခဲ့၊ ဘာစာရွက်မျှလည်း မပေးခဲ့။ တန်းတွင် ထိပ်ဆုံးရောက် နေရာကထွက်ပြီး စာရွက်ကို ပြန်ဖြည့် ရသည်။ လူဝင်မှု ကြီးကြပ်ရေး ကောင်တာရှေ့ ပြန်ရောက်သည့်အခါ နိုင်ငံကူးလက်မှတ်ကို ဖင်ပြန်ခေါင်းပြန်ကြည့်၊ စာရွက်တွေကို တစ်ရွက်ချင်း နေရောင်မှာ ထောင်ကြည့်သည်။ ပြီးတော့ ခဏနေပါဦးဆိုပြီး ကျွန်တော့် နိုင်ငံကူးလက်မှတ်ကို တစ်နေရာ ယူသွားသည်။ သူတို့ ကြည့်ရသည်မှာလည်း ပျာယီးပျာယာ ကယောင်ချောက်ချားပုံ။ ငါးမိနစ်ခန့် ကြာတော့မှ ပြန်ရောက်လာပြီး ဖင်ပြန်ခေါင်းပြန် ထပ်စစ်ပြန်သည်။ ပြီးတော့မှ ပြောလိုက်သည်၊ သွားနိုင်ပြီဟု၊ လူဝင်မှု ကြီးကြပ်ရေး အလွန်တင်းကျပ်သည့် အမေရိကန် ပြည်ထောင်စု၊ မိမိနိုင်ငံတွင်း မဟုတ်မဟတ် နိုင်ငံခြားသားဝင်မှာ အလွန်စိုးရိမ်သည့် ဂျပန်၊ တစ်နိုင်ငံ ဝင်ရုံနှင့် ကျန် ၂၄ နိုင်ငံလုံး နယ်ခြား ဖြတ်စရာမလို တိုးလျှိုပေါက် သွားနိုင်သည့် ဥရောပသမဂ္ဂတို့ပင် ယခုလောက် မစိစစ်။ ကြည့်ရတာ တရုတ်တွေ ချမ်းသာလာပြီး နိုင်ငံခြားသားတွေ ဝင်မှာကြောက်လို့ ဒီလိုစိစစ်နေတာလား၊ မြန်မာနိုင်ငံကူး လက်မှတ်ကိုပဲ သတိထား စိစစ်နေတာလား အတွေးပွားရသည်။
ဟော … ဘေဂျင်းခေါ် ပီကင်း ရောက်ပါပြီ။ ဘာတွေ ပြောင်းလဲနေသလဲ၊ ဘာတွေတိုးတက်နေသလဲ၊ ဘာတွေ ဆုတ်ယုတ်နေသလဲ။ နိုင်ငံတစ်နိုင်ငံ တိုးတက်မတက်ကို ခပ်မြန်မြန် အကဲဖြတ်သည့် ကျွန်တော့် ပေတံတစ်ချောင်းနှင့် တိုင်းကြည့်ရသည်။ လမ်းဖြတ်ကူးသူများနှင့် ယာဉ်မောင်းသူတို့၏ အလေ့အထများသည် ဘယ်နိုင်ငံရောက်ရောက် ထိုနိုင်ငံကို လျှပ်တစ်ပြက် အကဲဖြတ်သည့် ကျွန်တော့်ပေတံ ဖြစ်သည်။ စင်ကာပူတွင် ကားက လမ်းသွားလမ်းလာကို ဦးစားပေးသည်၊ လူတွေကလည်း စည်းကမ်း လိုက်နာပြီး ကူးသင့်သည့် နေရာမှသာကူးသည်။ ထိုင်းတွင် လမ်းသွားလမ်းလာတွေက စင်ကာပူလောက် စည်းကမ်းမရှိ၊ ကားတွေကမူ လူဖြတ်လျှင် သတိထားပြီး အရှိန်လျှော့သည်။ ဂျပန်၊ ဥရောပ၊ အမေရိကတို့က ကားရောလူရော စည်းကမ်းရှိပြီး လူက မှားလျှင်ပင် ကားကလျှော့သည်။
လွန်ခဲ့သောခြောက်နှစ် တရုတ်နိုင်ငံသို့ ရောက်စဉ်က တရုတ် ယာဉ်မောင်းသူနှင့် လမ်းဖြတ်ကူးသူ များကို ကြည့်ရသည်မှာ မြန်မာနိုင်ငံ ပြန်ရောက်နေ သည့်အတိုင်း။ ကိုယ်ဦးကိုယ်ဖြတ်၊ ကားဦးကားနိုင်၊ လူဦးလူနိုင်။ မျဉ်းကျားများ ရောက်လျှင် ပိုသိသာသည်။ ကားက လူကူးမည်ကြံလျှင် အရှိန်ပိုမြှင့်သည်၊ ပေးဖြတ်ရမည်ကို စိုးသောကြောင့်။ လူတွေကလည်း မီးနီသော မီးစိမ်းသော မကြည့် ကြုံသလို ဖြတ်ကြသည်။ ယခုလည်း ယခင်အတိုင်း ထူးမခြားနား။ ရုပ်ဝတ္ထု အဆောက်အအုံများ အဆင့်မြင့်လာ၊ လူတို့ အဝတ်အစား ပြောင်ရောင်လာသော်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စိတ်ဓာတ်ပိုင်း ဆိုင်ရာတွင် အားနည်းဆဲ။ ရုပ်ဝတ္ထုပိုင်း ပြင်ဆင်ရန်ထက် စိတ်ဓာတ်ပိုင်း ပြင်ဆင်ရန် ပိုခက်သည်ကို တရုတ်က သက်သေပြနေသည်။
ကားတွေ၊ လမ်းသွားလမ်းလာတွေ အကြောင်းပြောရင်း တက္ကစီတွေအကြောင်း တစ်လက်စတည်း ပြောလိုက်ချင်သည်။ ဘေဂျင်းရှိ တက္ကစီသမားများသည် အင်္ဂလိပ်လို ပြောတတ်သူ အလွန်နည်းသည်။ ကိုယ်သွားလိုသည့် ဟိုတယ်၊ နေရာကို တရုတ်စာလုံးများဖြင့် လိပ်စာရေးပြီး ဆောင်ထားမှ ခရီးပေါက်မည်။ ထိုအခက်အခဲကို သဘောပေါက် သောကြောင့်လားမသိ၊ ဟိုတယ် လိပ်စာကတ်ပြား တို့တွင် ဟိုတယ်အမည်ကို အင်္ဂလိပ်လိုရော တရုတ်လိုပါ ရေးထားရုံမက မြေပုံအညွှန်း ကိုလည်း တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားသည်။
နိုင်ငံရပ်ခြားတွင် တွေ့ဖူးကြုံဖူးသည့် တက္ကစီသမားတို့အနက် တရုတ် တက္ကစီသမားတို့သည် အတော် အပေါက်ဆိုးသည်ဟု ထင်မိသည်။ ခပ်ဆိုးဆိုးသူတို့နှင့် တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်သည်။ ကြောက်အောင် ခြောက်ပြီးမှ မောင်းလိုရာမောင်း၊ တောင်းလိုရာတောင်းလိုသည့် ဗျူဟာဟု အကဲခတ် မိသည်။ တက္ကစီသမားများ စိတ်မရှည်ပုံမှာ သူက အလွန်အရေးကြီးသော အလုပ်လုပ်ရန် ရှိနေချိန်တွင် ကိုယ်က ပိုက်ဆံမပေး ဘာမပေးဘဲ အလကားတက်စီး၊ အကူအညီ တောင်းသည့်ပုံမျိုး ပေါက်နေသည်။ မိန်းကလေးများဆိုလျှင် ပိုပြီးအနိုင်ကျင့်မည့် ပုံစံမျိုး။
ခေတ်မီတိုးတက်ခြင်း၏ ပြယုဂ်ဟု ဆိုရမည်လား မပြောတတ်။ ဘေဂျင်းမြို့တွင် လေထု ညစ်ညမ်းမှု တစ်နေ့တခြား ဆိုးရွားလာသောကြောင့် မျက်နှာဖုံးများဖြင့် လမ်းထွက်ရသည့် အချိန်တို့ပင် ရှိလာခဲ့ကြောင်း မြို့ခံမိတ်ဆွေများက သတင်းပေးသည်။ သေချာတာကတော့ ကားတွေ အဆမတန် တိုးပွားလာသည်။ လိုအပ်ချက်ကြောင့် ကားသုံးစွဲမှု များလာသလို ကားစီးနိုင်သော အဆင့်အတန်းကို ပြသလိုစိတ် ကြောင့်လည်း ပါသည်။ ယခင်က ဘေဂျင်းတွင် စက်ဘီးစီးသူတို့ များပြားလွန်းလှသဖြင့် စက်ဘီးမြို့တော်ဟုပင် ကင်ပွန်းတပ်ရမတတ်။ ယခုမူ စက်ဘီးတို့ အမြင်ရ နည်းသွားပြီး သွားလေရာတွင် တစ်မျှော်တစ်ခေါ် ရှည်လျားသော ကားတန်းကြီးများကိုသာ တွေ့ရသည်။ စက်ဘီး ယဉ်ကျေးမှု လျော့ပါးခဲ့ပြီ။ Rush Hour ဆိုသည့် ယာဉ်ကြော အထူးကျပ်ချိန်သည် ဘေဂျင်းတွင် ပျောက်ကွယ်ခဲ့ပြီ။ အချိန်တိုင်း ယာဉ်ကြော ပိတ်ဆို့နေသောကြောင့် Rush Hour မရှိတော့ခြင်း။ ဘေးမှပါလာသည့် ဂျာမန်သူငယ်ချင်းက ဂျာမန်ကားတွေ များတယ်ဆိုမှ သတိထား ကြည့်မိသည့်အခါ Audi၊ BMW၊ Volkswagen၊ Mercedes ဂျာမန်တံဆိပ်နှင့် ကားများ ဘေးဘီဝဲယာတွင် ဥဒဟို သွားလာနေကြသည်ကို တွေ့ရသည်။ လမ်းဘေး တစ်ဖက်တစ်ချက် တွင်လည်း ဂျာမန် ကားပြခန်းများ တစ်ချက် တစ်ချက်တွေ့ရသည်။ တရုတ်-ဂျပန် တင်းမာမှုကြောင့် ဂျပန်ကားများ အဝယ်လျော့ပြီး ဂျာမန်ကားများ ယခုထက်ပိုပြီး ရေပန်းစားလာ ဦးမည်လား။
တရုတ်-ဂျပန် တင်းမာမှုသည် ယခုနှစ်များတွင် အရှိန်တက်လာသည်ကို သတိထားမိသည်။ ဂျပန်က ၂၀ ရာစုအတွင်း တရုတ်ကို ကျူးကျော် ခြယ်လှယ်ခဲ့သည်ကို တရုတ်တို့က လုံးဝမမေ့။ ဂျပန် ရက်စက်ခဲ့ပုံများကို သမိုင်းတွင် သေသေချာချာ သင်သလို ရုပ်ရှင်များလည်း ရိုက်ရာ လူကြိုက်များသည်။ တရုတ်-ဂျပန် စီးပွားရေး နှစ်ကိုယ့်တစ်စိတ် ဖြစ်နေသော်လည်း တရုတ်တက်လာ သည်ကို ဂျပန်က စိုးရိမ်တကြီး စောင့်ကြည့်နေသည်။ အမေရိကန်က တရုတ်ကို အနာဂတ် ပြိုင်ဘက်ဟု ယူဆသည်။ ဂျပန်နှင့် အမေရိကန်က ပလဲနံပသင့်သည့် ညီလေးအစ်ကိုကြီး နိုင်ငံများ။ အာရှတွင်၊ အထူးသဖြင့် အရှေ့အာရှတွင် ဂျပန်နှင့် တရုတ်သည် ခေါင်းဆောင်နေရာကို မသိမသာရော ပေါ်ပေါ်ထင်ထင်ပါ လုနေကြသည်။တရုတ်နှင့် တင်းမာလျှင် ခပ်လျှိလျှို နေနေကျ ဂျပန်သည် နောက်ဆုံး တင်းမာမှုတွင် သူကိုယ်တိုင်က ခပ်မာမာ တုံ့ပြန်ခဲ့ခြင်းက တရုတ်-ဂျပန် တင်းမာမှု နောက်တစ်ဆင့် ရောက်ပြီဟု သုံးသပ်စရာပင်။
မြန်မာနိုင်ငံတွင်လည်း တရုတ်တို့ လွန်ခဲ့သည့် နှစ်နှစ်ဆယ်လုံးလုံး ခြေကုပ်ယူ ဝင်ရောက်ခဲ့ပြီး ယခု တစ်ဖန် တံခါးအပွင့်တွင် ဂျပန်တို့ အင်နှင့်အားနှင့် သန္နိဋ္ဌာန်နှင့် တစ်ဖန်ပြန် ဝင်ရောက်ခဲ့ကြပြီ။ မြန်မာတို့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးကို ကွက်ကွက်လေး ကြည့်ရုံ နှင့် မလုံလောက်တော့၊ နိုင်ငံတကာ နိုင်ငံရေး၊ အနည်းဆုံးဒေသတွင်း နိုင်ငံတကာ နိုင်ငံရေးကိုပါ အနီးကပ်ကြည့်ဖို့ လိုအပ်လာခဲ့ပြီ။
(ဘုန်းဝေညွန့်လူ) - The Voice Weekly