Home » » ဖိလစ်ပိုင်သမ္မတ အကွီနို မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်

ဖိလစ်ပိုင်သမ္မတ အကွီနို မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်

Written By Unknown on Wednesday, June 5, 2013 | 4:13 PM

ရန်ကုန်၊ ဇွန် ၎

မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ် - အရှေ့အာရှ(WEF) သို့ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဘန်နစ်နို အကွီနိုသည် ဇွန်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဖိလစ်ပိုင်သမ္မတ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ၎င်း သမ္မတ သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း၊ ၂၀၁၄ တွင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြားသွားဖွယ် ရှိကြောင်း ၎င်းက ဆိုသည်။

လာမည့် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည့် သမ္မတအကွီနို၏ ခရီးစဉ် အသေးစိတ်ကို ဆက်လက်ထုတ် ပြန်ပေးမည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတရုံးက ထုတ်ပြန် ကြေညာသည်။

သမ္မတအကွီနို နှင့်အတူ ဖိလစ်ပိုင် အစိုးရအဖွဲ့ဝင် အချို့နှင့် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် အများအပြား လိုက်ပါလာမည် ဖြစ်ကာ ဇွန်လ ၇ ရက်နေ့ နေလယ်တွင် နေပြည်တော် MICC ခန်းမ၌ ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက် လာသူများ နှင့် သမ္မတအကွီနိုတို့ တွေ့ဆုံမည် ဖြစ်ကြောင်း WEF ၏ ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်တွင် ဇွန်လ ၅ ရက်နေ့ မှ ၇ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ ဝန်ကြီးချုပ်များ အပါအဝင် နိုင်ငံပေါင်း ငါးဆယ်ကျော်မှ နယ်ပယ် အသီးသီးတွင် ထင်ရှားသူပေါင်း တစ်ရာကျော် တက်ရောက်မည် ဖြစ်ကြောင်း WEF ထံမှ စုံစမ်းသိရှိရသည်။

ယမန်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ်တာ ကာလတွင်း သူမ၏ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

သမ္မတအကွီနို၏ မိခင်ဖြစ်သူ ကိုရာဇန်အကွီနိုမှာ ဖိလစ်ပိုင်နိုင်ငံကို နှစ်ပေါင်း နှစ်ဆယ်ကျော် အုပ်စိုးခဲ့သည့် အာဏာရှင် မားကိုစ့် အစိုးရကို ၁၉၈၆ ခုနှစ်တွင် ဦးဆောင် ဖြုတ်ချခဲ့ပြီး ၁၉၉၂ ခုနှစ် အထိ ယင်းနိုင်ငံသမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ အာရှတိုက်၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် မှတ်တမ်း တင်နိုင်ခဲ့သည်။

The Voice Weekly