Home » » လားရှိုးမြို့နောက်ဆုံးအခြေအနေ

လားရှိုးမြို့နောက်ဆုံးအခြေအနေ

Written By Unknown on Saturday, June 1, 2013 | 4:52 PM

လားရှိုးမှာထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို အရင် ည ၇နာရီကနေ မနက် ၅နာရီအစား ဇွန်လ ၁ ရက်နေ့ ညကစပြီး ည ၈ နာရီကနေ မနက် ၄နာရီထိ ပြောင်းလဲထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

လားရှိုးမြို့မှာ သည်ကနေ့ ဇွန်လ ၁ ရက်နေ့မနက်အထိတော့ တည်ငြိမ်နေပြီး မြို့မဈေးအနီး မီးလောင်ပြင်တွေကို စည်ပင်သာယာဌာနက တာဝန်ယူကာ မနေ့ကစတင်ရှင်းလင်းနေပြီလို့ သိရတယ်။ မီးလောင်ပြင်မရှင်းလင်းခင် ကာယကံရှင်တွေကို ၀င်ခွင့်ပေးပြီး ပစ္စည်းတွေယူခွင့်ပေးတာမျိုးလည်း လုပ်ကြောင်း သိရပါတယ်။

ဒါ့အပြင် လားရှိုးမြို့မှာ ထုတ်ပြန်ထားတဲ့ပုဒ်မ ၁၄၄ ကြောင့် ည ၇နာရီကျော်ရင် ကားတွေကို ဖြတ်သန်းခွင့်မပေးတာကို မနေ့ညကစပြီး ဖြတ်သန်းသွားမယ့် ကုန်ကားနဲ့ လူစီးကားတွေကို မြို့ပြင်တိုးလ်ဂိတ်မှာ စုပြီး တစ်နာရီတစ်ကြိမ် လုံခြုံရေးအစီအစဉ်တွေနဲ့ ဖြတ်သန်းခွင့်ပေးနေတယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံမှ မူဆယ်၊ မူဆယ်မှ မန္တလေး၊ ရန်ကုန်မြို့ကြီးများကို ဖြတ်သန်းသွားလာတဲ့ ကားတွေဖြစ်တဲ့အတွက် ခရီးသွားတွေနဲ့ ကုန်စည်စီးဆင်းမှုမှန်ကန်ဖို့အတွက် အခုလို ဖြတ်သန်းခွင့်ပေးတာဖြစ်ကြောင်း သိရပါတယ်။

သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းမှာ ထားရှိထားတဲ့ ပဋိပက္ခဖြစ်စဉ်ကြောင့် စိုးရိမ်ထိတ်လန့်မှုဖြင့် ခေတ္တတိမ်းရှောင်လာသူဦးရေကတော့ အိမ်ထောင်စု ၂၁၀မှာ အမျိုးသားဦးရေ ၅၉၁ ဦးနဲ့ အမျိုးသမီးဦးရေ ၆၃၂ ဦး စုစုပေါင်း ၁၂၂၃ ဦးရှိနေကြောင်း သိရတယ်။ အဲသည်ထဲကမှ နေအိမ်တွေဖျက်ဆီးခံရလို့ လုံးဝနေစရာမရှိတဲ့လူတွေကို မန်ဆူရှမ်းကျောင်းမှာပဲထားရှိပြီး နေအိမ်တွေကို ဖျက်ဆီးမခံရဘဲ အသက်အန္တရာယ် စိုးရိမ်လို့ ပြောင်းရွှေ့လာတဲ့လူတွေကိုတော့ စာရင်းလုပ်ပြီး လားရှိုးမြို့ ရပ်ကွက် ၁၂ မှာရှိတဲ့ မိုးလုံလေလုံအားကစားကွင်းကို ပြောင်းရွှေ့ပေးသွားမယ်လို့ သိရပါတယ်။

by The Modern News Journal