Home » » ပညာဒါနကျောင်းတွင် ဖြစ်ပွားခဲ့သော အဓမ္မကျူးလွန်မှု အပြီးသတ်လျှောက်လဲ

ပညာဒါနကျောင်းတွင် ဖြစ်ပွားခဲ့သော အဓမ္မကျူးလွန်မှု အပြီးသတ်လျှောက်လဲ

Written By Unknown on Saturday, June 1, 2013 | 4:43 PM

ရန်ကုန်၊ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ NLD ပညာဒါနကျောင်းတွင် ဇန်နဝါရီလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓမ္မကျူးလွန်မှုတွင် စွပ်စွဲခံရသူ ကိုခင်မောင်ထူး ကို အမှုမှ လုံးဝလွတ်မြောက်ခွင့် ပြုရန် ၄င်း၏ရှေ့နေက မေလ ၃၁ ရက်နေ့ရုံးချိန်းတွင် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ အပြီးသတ် လျှောက်လဲချက်တင်သည်။

မှုခင်းဆရာဝန်၏ ဆေးစစ်ချက်တွင် တစ်ဖက်မိန်းကလေးမှာ အပျိုရည်မပျက် ရှိခြင်း၊ မူးမေ့စေသည့် ဆေးတိုက်ခဲ့သည်ဟု တိုင်တန်း ခဲ့သော်လည်း ၄င်း၏သွေးတွင်း မူးမေ့စေသည့် ဆေးဝါးများ မတွေ့ရှိခြင်း၊ အခင်းဖြစ်သည့် နေရာသည် အခန်းမဟုတ်ဘဲ ဟောပုံစံဖြစ်ခြင်း၊ လူမြင်ကွင်း ဖြစ်ခြင်း၊ နေလယ်ခင်းဖြစ်ခြင်း၊ တစ်ဖက်ကားလမ်းတွင် မိန်းကလေးဖခင်မှာ ဈေးရောင်းချခြင်း၊ နောက်ဆုံးတွေ့ရှိချိန်ထိ အခင်းဖြစ်သည် ဆိုသည့် အခန်းတွင်း သက်သေနှစ်ဦး ရှိခြင်းများကြောင့် အဓမ္မကျူးလွန်ခြင်း မပြုနိုင်ကြောင်းကို ခင်မောင်ထူး၏ တရားဥပဒေအကျိုးဆောင် ဖြစ်သူ အထက်တန်းရှေ့နေ ဦးရွှေလှိုင်တင်က အဆိုပါတရားရုံးတွင် လျှောက်တင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလျှောက်လဲချက်ကို နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်သည့် ဒုတိယမြို့နယ် ဥပဒေအရာရှိက ယင်းအချက်များထဲမှ လူမြင်ကွင်းတွင် အဓမ္မမှု ဖြစ်နိုင်ခြေ မရှိသော်လည်း မိန်းကလေးက အရှက်တရားကို မစောင့်ထိန်းဘဲ တိုင်တန်းခြင်းလည်း မပြုနိုင်သဖြင့် ရုံးတော်၏ ဆင်ခြင်တုံတရားဖြင့်သာ ဆုံးဖြတ်စေလိုကြောင်း ပြန်လည် လျှောက်ထားသည်။

အမျိုးသမီးများ၏ မာယာကြောင့် ပြစ်မှုကျူးလွန်ခြင်း မပြုဘဲ တိုင်တန်းခံရသူ များလည်း သာဓက အနေနှင့် အမြောက်အမြား ရှိကြောင်း အထက်တန်း ရှေ့နေဖြစ်သူ ဦးရွှေလှိုင်တင်က ထပ်မံတင်ပြခဲ့သည်။

၎င်းအမှုကို ဇွန်လ ၇ ရက်နေ့တွင် ထပ်မံစစ်ဆေးရန် ပန်းဘဲတန်း တရားရုံးက ထပ်မံချိန်းဆို လိုက်သည်။

ပန်းဘဲတန်းမြို့နယ် အ.ထ.က(၁)ကျောင်းတွင် ဒသမတန်းအဖြစ် ပညာသင်ကြား နေသည့် အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦးကို အသက် ၂၂ နှစ်အရွယ် ခင်မောင်ထူး (ခ) သားကြီး (ခ) ဆိုဖီရင်းက NLD ပညာဒါနကျောင်းတွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အကြို ကျပန်းစကားပြော ပြိုင်ပွဲအပြီး လူရှင်းချိန်တွင် ကိုကာကိုလာ အချိုရည်တိုက်ကာ မူးမေ့သွားချိန်၌ အဓမ္မ ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရချိန်တွင် သူမဝတ်ထားသည့် အပေါ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီမှာ ကျွတ်လျက်အနေအထားဖြင့် နံဘေးတွင် ကိုခင်မောင်ထူးကို တွေ့ရကြောင်း၊ သတိလစ်နေခိုက် ခင်မောင်ထူးက ၄င်းကို အဓမ္မပြုကျင့် နေသည်ကို သတိထားမိပြီး ယင်းအဖြစ်အပျက်ကို မည်သူမှ ပြန်မပြောရန် ပြောဆိုခဲ့ ကြောင်း၊ ကျောင်းခန်းမှ ဆင်းလာချိန်တွင် မိခင်နှင့်တွေ့ပြီး အဖြစ်မှန်ကို ပြောပြခဲ့ရာမှ ပန်းဘဲတန်း ရဲစခန်းသို့ ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၁ နာရီ ၄၀ အချိန်တွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအမျိုးသမီးက ရဲစခန်းသို့ တိုင်တန်းချက်များအရ သိရသည်။

The Voice Weekly