Home » » ပင်စင်လာထုတ်သည့်အဘိုးအို ဘဏ်ရှေ့ လဲကျသေဆုံး

ပင်စင်လာထုတ်သည့်အဘိုးအို ဘဏ်ရှေ့ လဲကျသေဆုံး

Written By Unknown on Wednesday, June 26, 2013 | 8:07 PM

ရန်ကုန်၊ ဇွန် ၂၅

ကျောက်တံတားမြို့နယ် အမှတ်(၃) ရပ်ကွက် ပန်းဆိုးတန်းလမ်း မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၂) တွင် ဇွန် ၂၄ ရက် နံနက် ၈နာရီ မိနစ် ၃၀က ပင်စင် လာရောက်ထုတ်ယူသည့် အသက် ၈၈ နှစ် အရွယ်ရှိ အဘိုးအိုတစ်ဦး လဲကျ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

သေဆုံးသူမှာ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ စာပို့ လုပ်သား(ငြိမ်း) ဦးဖေမြင့်ဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) (၇၁) ရပ်ကွက် မင်းရဲကျော်စွာ (၅) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း၊ ဘဏ်တွင် ပင်စင် ထုတ်ပြီးအပြန် ရုံးရှေ့ လှေကားအဆင်း၌ မောသည်ဟုဆိုကာ ထိုင်ခုံတွင် ထိုင်နေရာမှ ရေသောက်ပြီး ခဏအကြာတွင် ထိုင်ခုံပေါ်မှ မူးမေ့ကာ လဲကျခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဘဏ်ဝန်ထမ်း ဦးမြင့်လွင် က ပြောကြားသည်။

အဆိုပါ လဲကျသည့် အဘိုးအိုကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ လိုက်လံ တင်ပို့စဉ် လမ်းခုလတ်၌ သေဆုံး ခဲ့ကြောင်း၊ သေဆုံးသူသည် အဖော် ခေါ်ဆောင်လာခြင်းမရှိဘဲ တစ်ဦးတည်း လာရောက် ထုတ်ယူ ခြင်းဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၂) မှ ဘဏ်ဝန်ထမ်း ဦးမြင့်လွင်က ရှင်းပြသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ဆေးစစ်ချက်များအရ ဦးဖေမြင့်သည် နှလုံးသွေးကြောကျဉ်း ရောဂါဖြင့် နှလုံးသွေးကြောညှပ်ကာ သေဆုံးခဲ့ရကြောင်း ဆရာဝန်၏ ဆေးစာအဖြေကို ကိုးကား၍ ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် အောင်သန်းဝင်းက ပြောကြားသည်။

ပင်စင် လစာများကို လစဉ် ၂၁ ရက် နေ့မှ စတင် ထုတ်ပေးလျက်ရှိပြီး စတင် ထုတ်ပေးသည့်ရက်မှ သုံးရက်အတွင်း သက်ကြီးရွယ်အို ပင်စင်စားများက အများဆုံး လာရောက်ထုတ်ယူကြကြောင်း၊ လာရောက် ထုတ်ယူသူများသည် အသက်အရွယ် ကြီးရင့်သောကြောင့် မူးဝေခြင်း၊ ပင်ပန်းခြင်း၊ မောပန်းခြင်းများ ဖြစ်ပေါ်ကြောင်း ဘဏ်မန်နေဂျာ ဦးကျော်ညွှန့်ဝင်းက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၅/၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly