Home » » ဆွမ်းစားပြန် သံဃာများ စီးလာသည့်ယာဉ် ပေ၂၀၀ကျော် ချောက်အတွင်းကျ

ဆွမ်းစားပြန် သံဃာများ စီးလာသည့်ယာဉ် ပေ၂၀၀ကျော် ချောက်အတွင်းကျ

Written By Unknown on Wednesday, June 26, 2013 | 8:02 PM

ရန်ကုန် ၊ ဇွန် ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တာချီလိတ်-မိုင်းဆတ် လမ်းမကြီး ဖက်ယိတောင်ကုန်း အဆင်းတွင် ဆွမ်းစားပြန်လာသော သံဃာ ငါးပါးနှင့် လူတစ်ဦး လိုက်ပါလာသည့် ယာဉ်သည် ဇွန်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က အရှိန်လွန်ကာ ပေ၂၀၀ကျော် အနက်ရှိ ချောက်အတွင်း ပြုတ်ကျ ခဲ့ရာ ရွှေတောင်တန်း ပရဟိတကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥာဏဓဇ ပျံလွန်တော်မူခဲ့ကြောင်း သွားရောက် ကယ်ဆယ်ခဲ့သည့် ရွှေတာ ချီ ခရီးသွားလုပ်ငန်းမှ ကော်မတီဝင် ဦးကျော်မြင့်က ပြောကြားသည်။

ယာဉ်မောင်း မောင်းနှင်လာသည့် နီညိုရောင် Surf ယာဉ်ကို ကျောင်းထိုင် ဆရာတော် ဦးဥာဏဓဇက ဖယ်ခိုင်းကာ ကိုယ်တိုင် မောင်းနှင်ရာမှ ခဏအကြာတွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ကျခဲ့ခြင်းဖြစ်ကြောင်း ယာဉ်မောင်းနှင့် ယာဉ်ပေါ် လိုက်ပါလာသူ သံဃာများ၏ ပြောကြားချက်ကို ကိုးကား၍ သွားရောက် ကယ်တင်ခဲ့သည့် မေတ္တာရှင် သာရေးနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုဆန်းက ပြောကြားသည်။

“ဘုန်းကြီးက ချောက်ထဲမှာ ကားနဲ့ ကျောက်တုံးကြား ပိနေတာကို မနည်း ဆွဲထုတ်ရတယ်။ ယာဉ် တစ်စီးကို တောင်စောင်းနားမှာကပ်ပြီး ပေ ၂၀၀ အနက်ထဲကို ကြိုးတွေနဲ့ ဆင်းဆယ်ရတာ” ဟု ၎င်းက ဆက်လက် ပြောကြား သည်။

အဆိုပါ သံဃာများသည် ရေပူစမ်းရွာမှ ဆွမ်းစားအပြန်တွင် ကား ချောက် ထဲကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ရွှေတောင်တန်း ပရဟိတကျောင်း တိုက် ကျောင်းထိုင်ဆရာတော် ဦးဥာဏဓဇ ၊ ဦးခေမာဝိဒ ၊ ဦးနန္ဒာသီရိ ၊ ဦးခေမာသီရိနှင့် ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏ သာမိနှင့် ယာဉ်မောင်း ဦးမောင်ညွန့်တို့ စီးနင်းလာခဲ့ရာ သက်တော် ၄၅ နှစ် အရွယ် ရွှေတောင်တန်း ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူခဲ့ပြီး ရဟန်းလေးပါး ပွန်းပဲ့ဒဏ်ရာနှင့် ယာဉ်မောင်းသူက လက်ကျိုးခဲ့ကာ လူနာ များ မစိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

“ဆရာတော် ပျံလွန်တော်မူသွားတယ်ဆိုတော့ နှမြောဖို့ ကောင်းတယ်။ ဆရာတော်ကို မှီနေတဲ့ ကလေးတွေ အများကြီးပဲ” ဟု ဆရာတော်၏ ရုပ်ကလာပ်ကို လာရောက် ဖူးမြော်သူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

ရွှေတောင်တန်း ပရဟိတ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်သည် အာခါ၊ လားဟူ တိုင်းရင်းသားများနှင့် မိဘမဲ့ကလေးများကို ကျောင်းသို့ ခေါ် ယူကာ လိမ္မာရေးခြား ရှိရေးနှင့် အတတ်ပညာများကို ဆရာတော်ကိုယ်တိုင် သင်ကြားပေးလျက်ရှိပြီး၊ အခြားမြို့များသို့ ကျောင်းသားများကို ပညာသင် စေလွှတ်ခြင်းများလည်းရှိကြောင်း တာချီလိတ် မြို့ခံတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ချောက်ထဲကျမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် တာဝန်ကျ ရဲအရာရှိက ၎င်းအနေနှင့် မသိ ရှိကြောင်း ပြန်လည် ဖြေကြားသည်။

The Voice Weekly