Home » » ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်သော ရဲဝန်ထမ်းများအား အရေးယူပေးစေလို

ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်သော ရဲဝန်ထမ်းများအား အရေးယူပေးစေလို

Written By Unknown on Wednesday, June 12, 2013 | 10:03 PM

ပခုက္ကူမြို့ နယ် နတ်ကျွန်းကျေးရွာနေ ဒေါ်တင်တင်ဝင်းဆိုသူမှ ၂၀.၁၁.၂၀၁၁ ရက်နေ့တွင် ရွှေထည်ပစ္စည်းများ ထည့်ထားသည့် သေတ္ကာ(၁)လုံးပျောက်ဆုံးသဖြင့် ပခုက္ကူရဲစခန်းသို့ ၂.၁.၂၀၁၁ နေ့ ရောက်ရှိမှ ရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရှိရပါသည် ။

အဆိုပါအမှုနှင့် ပတ်သက်၍ နတ်ကျွန်းကျေးရွာနေ အသက်(၆၀) ကျော် ဦးကျော်ညွန့်အား ၂၀.၄.၂၀၁၂ နေ့တွင် ပခုက္ကူရဲစခန်းမှ ညှင်းပန်း နှိပ်စက် ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရပါသည်။

စွတ်စွဲခံရသူ ဦးကျော်ညွန့် အား ပခုက္ကူရဲစခန်းမှာ ဒုရဲအုပ်ကျော်မျိုး ခေါင်းဆောင်ပြီး ရဲများမှ လူမဆန်စွာ လူသားအချင်းချင်း ဥပဒေမဲ့ ညှင်းပန်းနှိပ်စက် ရိုက်နှက်ခံရ၍ ဦးကျော်ညွန့်မှ လမ်းလျှောက်နိုင် ဆီးမသွားနိုင် အာရုံကြောထိခိုက်ပြီး မိသားစုများကို မမှတ်မိသဖြင့် ၁၄.၈.၂၀၁၂ နေ့တွင် ပခုက္ကူထောင်မှ ပခုက္ကူဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ ရပါသည်။

ပခုက္ကူဆေးရုံကြီးသို့တက်ရောက်ကုသနေစဉ် ဆေးရုံအုပ်ကြီး ဦးလှမြင့်မှ ဦးကျော်ညွန့်မှာ အာရုံကြောထိခိုက်နေပြီး ဒါဏ်ရာများ ပြင်းထန်နေသဖြင့် မန္တလေးဆေးရုံကြီးသို့ သွားရောက်ကုသရန် ညွှန်ကြားခဲ့သော်လည်း စရိတ်မတတ်နိုင်သဖြင့် ပခုက္ကူဆေးရုံကြီးတွင်သာ ကုသခဲ့ရပါသည်။

ယခုအခါ ဦးကျော်ညွန့်မှ မိသားစုများကို မမှတ်မိတော့သဖြင့် သားသမီးများနှင့် ဆွေမျိုးများမှ မကျေနပ်၍ အာဏာပိုင် အဆင့်ဆင့်ကို တိုင်ကြားခဲ့သော်လည်း ဥပဒေမဲ့ ညှင်းပန်း နှိပ်စက်ရိုက်နှက်သော ရဲဝန်ထမ်းများကို အရေးမယူပဲ လျစ်လျူရှုထားတာကြောင့် ဥပဒေ ကျူးလွန်ချိုးဖောက်သူ ရဲများကို တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် ပေးစေလိုကြောင်း မိသားစုဝင် တစ်ဦးဖြစ်သူ မယုဝါက Myanmar News Now ကို ပြောပါသည်။

အဆိုဖြစ်စဉ်မှာ စွပ်စွဲခံရသူ ဦးကျော်ညွန့်အား ဖမ်းဆီး ခေါ်ဆောင်စဉ်ကလဲ ဒုရဲအုပ် ကျော်မျိုး အပါအ၀င် ရဲဝန်ထမ်းများက ရွှေဆိုင်များအား လိုက်လံပြသပြီး ခိုးယူကြောင်း ၀န်ခံခိုင်းခဲ့ပါသည် ။

ရဲများစွပ်စွဲ သလို ခိုးယူခဲ့ခြင်း မရှိခဲ့သည့် အတွက် ဦးကျော်ညွန်မှာ ၀န်မခံသဖြင့် လူအများ၏ရှေ့မှောက်တွင် သိက္ခာချ အရှက်တကွဲ အကျိုးနည်းအောင် ညှင်းပန်းနှိပ်စက်ရိုက်နှက်ပြီး ရဲစခန်းသို့ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေ များက ပြောပြပါသည်။

အဲ့ဒီနောက် နတ်ကျွန်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မိုးမှ ရဲစခန်းသို့ သွားရောက်ပြီး အဖိုးအို ဦးကျော်ညွန့်အားတွေ့ဆုံရာမှာ လမ်းမလျှောက်နိုင် ပါးများအရိုက်ခံရ၍ အံသွားတချောင်းကျိုးပြီး ထမင်းလည်းမစားနိုင် ၊ ဒါဏ်ရာများကိုလည်း တွေ့မြင်ခဲ့ရကြောင်း မိသားစုဝင်များအား ပြန်လည် ပြောပြပါသည် ။

မိသားစုမှာ ပခုက္ကူမြို့ရဲစခန်းသို့ ဦးကျော်ညွန့်နှင့် တွေ့ဆုံခွင့်ပေးရန် အကြိမ်ကြိမ် သွားရောက် တွေခွင့် တောင်းဆို ခဲ့သော်လည်း စခန်းမှူး ဦးကျော်နိုင်မှ ရက်ပေါင်း (၂၈) ကြာမှသာ မိသားစုနှင့် တွေ့ခွင့်ပေးခဲ့ကြောင်း မိသားစုဝင်တဦး ဖြစ်သည့် မယုဝါက Myanmar News Now ကိုပြောပြပါသည် ။

သစ်ထူးလွင်