Home » » ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေတွင်နေသည့် အိမ်များကို လူတစ်ထောင်ခန့်ဖြင့် ဖျက်ဆီး

ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေတွင်နေသည့် အိမ်များကို လူတစ်ထောင်ခန့်ဖြင့် ဖျက်ဆီး

Written By Unknown on Friday, June 14, 2013 | 8:59 AM

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁ နှင့် ၂ အတွင်းရှိ ကာကွယ်ရေး ဝန်ကြီးဌာနက ပိုင်သည့် မြေနေရာတွင် ဆောက်လုပ်ထားသည့် အိမ်နှင့် စိုက်ခင်းများအား လူအင်အား တစ်ထောင်ခန့်ဖြင့် ဇွန်လ ၁၃ ရက်က ဝင်ရောက် ဖျက်ဆီးခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက်တွင် လွန်ခဲ့သည့်နှစ် ၂ဝ ခန့်ကတည်းကနေထိုင်ခဲ့သည့် အိမ်မြေနေရာများကို ဇွန်လ ၁၃ ရက်တွင် လူအင်အားတစ်ထောင်ခန့်က ဖယ်ရှားရာ ရပ်ကွက်သူရပ်ကွက်သားတို့ စိတ်ထိခိုက် ငိုယိုနေသည်ကို လွှတ်တော်၏ မြေယာသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က နှစ်သိမ့်နေစဉ် (ဓာတ်ပုံ - ဟိန်းထက်)

ယင်းမြေများမှာ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများဖြစ်ပြီး လာရောက်ဖျက်ဆီးသူများမှာ ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ တပ်မြို့စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားအင်အား ၁ဝဝဝ ခန့်က ယင်းနေ့ နံနက်ပိုင်းတွင်ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယင်းမြေများပေါ်တွင် လွန်ခဲ့သော နှစ် ၂ဝ ကျော်ကပင် သက်သာရန်ပုံငွေများပေး၍ အိမ်ထောင်စု ၂ဝဝ ကျော်က မြေငှားစနစ်ဖြင့် နေထိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ အဆိုပါ အိမ်ထောင်စုများကို ကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ် ဧပြီလ ၃ဝ ရက်တွင် နောက်ဆုံးပြောင်းရွှေ့ သွားရန်နှင့် ပြောင်းရွှေ့ခြင်းမရှိပါက တရားဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လည်း ဧပြီလအတွင်းက သတိပေးထားပြီး တပ်မြို့ စည်ပင်ကလည်းပြောင်းရွှေ့ပေးရန် သတိပေးစာ နှစ်ကြိမ် ပေးပို့ခဲ့သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက ''လုပ်ထုံးလုပ်နည်းအရ ဒီနေ့ ဒီအချိန်မှာလုပ်မယ်ဆိုတာ ကြိုတင်အကြောင်းကြားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေဘောင်အတွင်းက လုပ်တာပါ။ လူအင်အားသုံး ဖြေရှင်းတော့မယ်ဆိုတာ တိုင်းဒေသကြီးအစိုးရ ကို အသိပေးပြီးသားဖြစ်တယ်။ ဥပဒေမဲ့ လုပ်တယ်ဆိုရင် ဒီအင်အားတွေ ထွက်လာစရာအကြောင်းမရှိဘူး'' ဟုပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ကာကွယ်ရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ထံသို့ ပြောင်းရွှေ့ခိုင်းမှုကို စဉ်းစားပေးရန် ပြီးခဲ့သည့် နိုဝင်ဘာ ၂ဝ ရက်တွင် တစ်ကြိမ်၊ ယခုနှစ် ဧပြီလ ၂၄ ရက် တစ်ကြိမ်တွင် တင်ပြခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ယင်းဖျက်ဆီးသည့်နေရာသို့ ရောက်လာသည့် ဦးသိန်းညွန့်က ''သင်္ဃန်းကျွန်းမှာ ဒီလိုအင်အားသုံးပြီး ဖြေရှင်းလိုက်တဲ့အခါ တိုင်းပြည်အတွက် အများကြီးမေးခွန်းထုတ်စရာတွေ ပေါ်လာမယ်။ အစိုးရနဲ့ ပြည်သူအကြားမှာ ပေါင်းကူးပေးနေတာ။ ဒီလူတွေက ကျူးကျော်တွေမဟုတ်ဘူး အခွန်ပေးထားတဲ့လူတွေ။ အဲဒါဆိုရင် အိမ်ရှင်အိမ်ငှား ဥပဒေနဲ့ သွားရတော့မယ်'' ဟု ပြောသည်။

ယင်းမြေနေရာမှာ ဧကအားဖြင့် ၃၃ ဧကကျော်ရှိပြီး ယင်းအတွက်အခွန်ကို ယခုနှစ် ဇန်နဝါရီလအထိ ကောက်ခံခဲ့သည်။ အခွန်မှာ တစ်လလျှင် ကျပ် ၃၅ သိန်း ကျသည်ဟု ယင်းမြေပေါ်တွင် နေထိုင်သူများ က ပြောသည်။ စိုက်ခင်းများအတွက် သိန်းပေါင်းများစွာ ရင်းနှီးထားရ၍ ယင်းမြေပေါ်မှပြောင်းရွှေ့ခွင့်ကို ဆိုင်းငံ့ပေးစေလိုကြောင်းလည်း ယင်းမြေပေါ်တွင် နေသူများက ဆိုသည်။

ယင်းမြေနေရာတွင် ဟင်းရွက်စိုက်ခင်းနှင့် ပျိုးခြံလုပ်ငန်းလုပ်ကိုင်သူ ဦးဟန်တင်က ''မပြောင်းပေးဘူးလို့ မပြောဘူး၊ ပြောင်းပေးမယ်။ ခဏဆိုင်းငံ့ပေးပါ။ စီမံကိန်း တစ်စုံတစ်ရာမရှိခင်လေး လုပ်ကိုင်စားသောက်ခွင့်ပေးပါ။ ကာကွယ်ရေးဝန်ကြီးဆီကို သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က စာတင်တာ သုံးခါရှိပြီ။ ဆိုင်းငံ့ကာလအတွက်ပါပဲ'' ဟု ဆိုသည်။

တပ်မြို့စည်ပင်မှ သတိပေးစာပို့ရာတွင် ဇွန်လ၂ ရက်တွင် နောက်ဆုံးပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ် လည်းဖျက်ဆီးခံနေရာသို့ ရောက်ရှိလာကာ သမ္မတရုံးဝန်ကြီးမှ တစ်ဆင့် သမ္မတထံသို့ ချက်ချင်းအကြောင်းကြားခဲ့သည်။ ယင်းအတွက် သမ္မတက ဖျက်ဆီးခံရမှုများ ရပ်ပေးရန်ပြောသော်လည်း မရပ်ပေးဟု ၎င်းက ဆိုသည်။

ဦးတင်ထွတ်က ''လုပ်တာကိုင်တာ မဟုတ်ဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာပဲ တင်ပြလို့ရတယ်။ အုပ်ချုပ်ရေးအာဏာကို ဝင်စွက်လို့မရဘူး။ ရှေ့မကုတ် မိသေးဘူး။ နောက်လွန်တော့ ပြုတ်ကျသွားမှာပေါ့ ဒါမဖြစ်သင့်ဘူး။ အခုဒီလိုလုပ်တာ အစိုးရအပေါ်မှာရော တပ်မတော်အပေါ်မှာပါ အကြည်ညိုပျက်တယ်။ ဒီကိစ္စကို သမ္မတကြီးဆီအထိ ဖုန်းဆက်ပြီး တင်ပြထားတယ်။ သမ္မတကြီးကလည်း ရပ်ဖို့ပြောပါတယ်'' ဟု ပြောသည်။

ယင်းနေရာတွင် ပန်းအလှစိုက်ပျိုးရေး၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသူ အိမ်ထောင်စု ၂၁၂ စုရှိပြီး မိသားစုဝင် ၇၄၇ ဦး ရှိသည်။

နန်းမြင့်
by Mizzima - News in Burmese