Home » » ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ခြောက်ဦးအထိရှိ

ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ခြောက်ဦးအထိရှိ

Written By Unknown on Wednesday, June 19, 2013 | 10:24 PM

ရန်ကုန်၊ ဇွန် ၁၈

အရှေ့တောင်အာရှ ဒေသတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးအန္တရာယ် အရှိဆုံး နိုင်ငံများအဖြစ် သတ်မှတ်ထားသော နိုင်ငံများတွင် အပါ အဝင် ဖြစ်သော မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူခြောက်ဦး အထိ ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

ယင်းနိုင်ငံများမှာ ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့ ဖြစ် သည်။မြန်မာနိုင်ငံတွင် ယခုနှစ် မေလက စတင်ကာ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ဦးရေ တိုးမြင့်ခဲ့ပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးဟု သတ်မှတ်ထားသော ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် အသက်ဆုံးရှုံးသည်အထိ ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က The Voice သို့ ပြောကြားသည်။

သွေးလွန်တုပ်ကွေးအဖြစ် အများဆုံး ကာလများသည် ဇွန်နှင့် ဇူလိုင်လ တို့ဖြစ်သောကြောင့် ပိုးလောက်လန်း ဆေးခတ်ရေး လုပ်ငန်းများ တိုးမြင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"သွေးလွန်တုပ်ကွေး အဖြစ်များတာကတော့ သန်လျင်၊ ရွှေပြည်သာ၊ ဒလ မြို့နယ်တွေမှာ အဖြစ်များတယ်။ ဒလ၊ အင်းစိန်၊ ဒဂုံ (တောင်)၊ ကြည့်မြင် တိုင်၊ မြောက်ဥက္ကလာပနဲ့ သင်္ဃန်းကျွန်း မြို့နယ်တွေမှာ သေဆုံးသူ တစ်ဦးစီ ရှိတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

သွေးလွန်တုပ်ကွေး မပြန့်ပွားရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သန်လျင်၊ လှည်းကူး၊ ကျောက်တန်း၊ ကွန်းခြံကုန်း၊ သုံးခွ၊ တိုက်ကြီး၊ ထန်းတစ်ပင်၊ တွံတေး၊ မှော်ဘီ၊ ကော့မှူး၊ ခရမ်းနှင့် ကိုကိုးကျွန်းမြို့နယ် တို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့နယ် အားလုံး၌ ပိုးလောက်လန်း သတ်ဆေး ၆၉၅ ပုံး လိုက်လံ ဆေးခတ်ခဲ့ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

ယခုနှစ်မေလမှ သြဂုတ်လအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ပြီးခဲ့သည့် လကုန်ပိုင်းက သတိပေး ပြောကြားသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် ၁၉၆၅ ခုနှစ်တွင် စတင် ဖြစ်ပွားခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ကပ်ရောဂါ အသွင် စတင်ဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ယင်းရောဂါ ဖြစ်ပွားသူ ၂၀,၀၀၀ ရှိပြီး သေဆုံးသူမှာ ၁၈၂ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ရလေး၊ဇန်ဘို

The Voice Weekly