Home » » ကက်ရှ်မီးယားရဲ့ ပထမဆုံး အမျိုးသမီး ရော့ခ်ဂီတ၀ိုင်း

ကက်ရှ်မီးယားရဲ့ ပထမဆုံး အမျိုးသမီး ရော့ခ်ဂီတ၀ိုင်း

Written By Unknown on Wednesday, June 5, 2013 | 4:31 PM

ကက်ရှ်မီးယားက ပထမဆုံး အမျိုးသမီး ရော့ခ်ဂီတ၀ိုင်းက သူတို့ အောင်မြင်မှုတွေ အားလုံးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

“ပရာဂါစ်” (ပထမဆုံးအလင်းရောင်) အမည်နဲ့ အမျိုးသမီးရော့ခ်ဂီတ၀ိုင်းက အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေ ရခဲ့ပေမယ့် သူတို့ရဲ့အနုပညာကို အစ္စလာမ်ဘာသာတရားနဲ့ သူတို့ အသိုက်အ၀ိုင်းက ခွင့်မပြုခဲ့ပါဘူး။ ကက်ရှ်မီးယားက လူတွေက ကျမတို့ကို သဘောမကျဘူးဆိုတာကို မသိခဲ့ပါဘူး။ အခုတော့ သိပါပြီ။ ဒါကြောင့် အခု စွန့်လွှတ်လိုက်ပြီ” လို့ အသက် ၁၆ နှစ်အရွယ် အနီကာ က ပြောပါတယ်။

“ကက်ရှ်မီးယားမှာ ဒါတွေ မဖြစ်နိုင်ပါဘူး။ ကျင့်ဝတ်အရ၊ စာရိတ္တအရ လက်မခံကြဘူး။ ဘာတတ်နိုင်မလဲ။”

ဒေသက ဘာသာရေးခေါင်းဆောင် ဘာရှီ ရူဒင်က မိန်းကလေးတွေ ဆိုချင်သေးသပဆိုရင် ကိုယ့်အိမ်ထဲမှာပဲ မိသားစုကို ဖျော်ဖြေနိုင်တယ်လို့ ပြောပါတယ်။

“ပရိသတ်တွေ အရှေ့မှာ ဖျော်ဖြေတာကတော့ သူတို့အတွက် မကောင်းဘူးလေ။ လူစိမ်းတွေရဲ့ စူးစူးရဲရဲအကြည့်တွေကို မြှားခေါ်တာမျိုးက မကောင်းပါဘူး။ တခြားလူတွေကိုလည်း စော်ကားသလို ဖြစ်နေတယ်။”

ဒါကြောင့် ပညာရေးကိုပဲ အာရုံစိုက်ဖို့၊ ခေါင်းမြီးခြုံဖို့၊ စာရိတ္တကောင်းမွန်စွာ နေထိုင်ဖို့ မိန်းကလေးတွေကို အကြံပေးထားတယ်လို့  ဘာသာရေးခေါင်းဆောင် ဘာရှီရူဒင်က ပြောပါတယ်။

“ပရာဂါစ်” အဖွဲ့ဟာ မနှစ်တုန်းက  စရိနာဂါမြို့က စင်တင်ဂီတပြိုင်ပွဲမှာ ပထမဆုရခဲ့ပြီး ရေပန်းစားခဲ့တဲ့အဖွဲ့ပါ။

“ကျမတို့ အရမ်းကို စိတ်လှုပ်ရှားတာပေါ့။ ကျမတို့အတွက်လည်း ပထမဆုံးပြိုင်ပွဲပဲ၊ ယောက်ျားလေးတွေနဲ့လည်း ပြိုင်ရတယ်” လို့ “ပရာဂါစ်” အဖွဲ့က ခေါင်းဆောင် အဆိုတော် ဟူမာ နာဇာက ပြောပါတယ်။

သူတို့တီးဝိုင်းကို တခြား မိန်းကလေးတွေလည်း အားကျလာပြီး ပင်ကိုယ်အရည်အသွေး တွေကို ဖော်ထုတ်နိုင်လာအောင် ရည်ရွယ်ခဲ့တယ်လို့လည်း ဟူမာ က ပြောပါတယ်။

အောင်မြင်မှုကြောင့် ပရိသတ်တွေ ရခဲ့သလို၊ ရန်သူတွေလည်း ရလိုက်ပါတယ်။ အစွန်းရောက်အဖွဲ့တဖွဲ့က သူတို့ကို ဂီတလုပ်ငန်းအပေါ် စိတ်ပျက်သွားအောင် အွန်လိုင်းကနေ စည်းရုံး လှုံဆော်ခဲ့သလို၊ ခြိမ်းခြောက်တာ၊ စော်ကားတာနဲ့ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်တာမျိုးတွေကို လုပ်ခဲ့ပါတယ်။ မိန်းကလေးတွေက ခြိမ်းခြောက်မှုတွေကို ဂီတနဲ့ အာခံပြခဲ့ပါတယ်။ ဒါပေမယ့် ဘာသာရေးအရ တားမြစ်လာတဲ့အခါမှာတော့ မိန်းကလေးတွေအားလုံး အရှုံးပေးလိုက်ရပါတယ်။

“ဒီကိစ္စက အစ္စလာမ်ဘာသာနဲ့ပဲ ဆိုင်တော့တယ်။ အစ္စလာမ်ဘာသာနဲ့ မဆီလျှော်ဘူးလို့ ပြောတယ်၊ ဆီလျှော်သလား၊ မဆီလျှော်ဘူးလားဆိုတာကို ကျမလည်း မသိပါဘူး။ ဒါပေမယ့် ဘာသာရေးခေါင်းဆောင်က ပြောတယ်ဆိုတော့ သူက ဘာသာရေးမှာ အများကြီး သိတယ်၊ ကျမတို့ လေးစားရမှာပေါ့။”

အိန္ဒိယမှာ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်တွေမှာ မွတ်စလင်တွေ အများစု နေထိုင်ကြပါတယ်။ ပွဲတော်တွေမှာ အမျိုးသမီး ကချေသည်တွေနဲ့ အဆိုတော်တွေ ဖျော်ဖြေတဲ့ အစဉ်အလာက ရှေးကတည်းက ရှိခဲ့ပါတယ်။ ဒါပေမယ့် တချို့သော အစ္စလာမ်မစ်အုပ်စုတွေက မိန်းကလေး ဂီတအဖွဲ့ကို ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တာကို ထောက်ခံကြပါတယ်။

“၂၁ ရာစု မကလို့ တထောင်ရာစုနှစ်ပဲ ဖြစ်ပါစေပေါ့၊ အစ္စလာမ်ဘာသာက ကမ္ဘာတည်သရွေ့ရှိနေမှာပဲ” လို့ ကက်ရှမီးယားက အကြီးဆုံး အစ္စလာမ်မစ် အမျိုးသမီးအဖွဲ့က အေးရှား အန်ဒရာဘီက ပြောပါတယ်။

“ပရာဂါစ်”အဖွဲ့က အချိန်မီ ရပ်နားလိုက်တာ ကံကောင်းတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် “ပရာဂါစ်”အဖွဲ့ရဲ့ ပရိသတ်ဖြစ်တဲ့ ဆယ်တန်းကျောင်းသူ ဆဲလ်မာ က လက်မခံပါဘူး။

“မိန်းကလေးတွေကျမှ အခုလို ဘာကြောင့် ဖြစ်ရတာလဲ၊ မိန်းကလေးနဲ့ ယောက်ျားလေး တန်းတူ ဖြစ်ရမှာပေါ့၊ ဒါက သက်သက် ခွဲခြား ဆက်ဆံတာပဲ၊ လုံးဝ မဖြစ်သင့်ဘူး။”

ဘာသာရေးအရ ပိတ်ပင်တဲ့အမိန့်ကို လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်မှုလို့ ယူဆသူတွေ မနည်းပါဘူး။

အနုပညာထွန်းကားရေးဖိုရမ် (Teamwork) အဖွဲ့က မန်နေဂျာ ဆန်ဂျေးရိုင်းက “အိန္ဒိယနိုင်ငံဆိုတာ ကျားမ မခွဲခြားဘဲ အားလုံး လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။ ဒီမိန်းကလေးတွေကို ဖိအားတွေပေးပြီး သူတို့ရဲ့ အနုပညာလုပ်ငန်းကို စွန့်လွှတ်ခိုင်းတာဟာ အဓိပ္ပာယ် မရှိဘူး” လို့ ပြောပါတယ်။

ဒီကိစ္စမှာ အနုပညာအသိုက်အ၀န်းအားလုံး မိန်းကလေးတွေဘက်ကနေ ရပ်တည်ပြီး သူတို့ရဲ့ ဂီတလုပ်ငန်းကို ဆက်လုပ်နိုင်အောင် ထောက်ခံပေးသင့်တယ်လို့ ပြောပါတယ်။

ထင်ရှားတဲ့ ဘော်လိဝုဒ်က တေးရေးဆရာကလည်း မိန်းကလေးတွေကို မွမ်ဘိုင်းမြို့ကို ခေါ်လာပြီး သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လုပ်နိုင်အောင် ကူညီပေးမယ်လို့ ကမ်းလှမ်းသလို၊ ပြည်နယ်အစိုးရကလည်း မိန်းကလေးဂီတအဖွဲ့ကို ထောက်ခံဖို့ အသင့်ပဲလို့ ဆိုထားပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် အူမာအဗူဒူလာက “သီချင်းဆိုတာက ဟိုတုန်းကလည်း ရှိလာတဲ့ ယဉ်ကျေးမှုပါ” လို့ ပြောပါတယ်။

“ဒါကြောင့် မိန်းကလေးတွေကိုယ်တိုင်က ဂီတအလုပ်ကို ဆက်လုပ်ချင်ရင်၊ သူတို့ မိသားစုတွေကလည်း သူတို့အတွက် လုံခြုံရေးလိုအပ်တယ်ဆိုရင် ပြည်နယ်အစိုးရအနေနဲ့ လိုအပ်တာတွေကို လုပ်ပေးသွားမယ်။”

ဒါပေမယ့် ကာယကံရှင် မိန်းကလေးတွေကတော့ ပြတ်ပြတ်သားသား မရှိတော့ပါဘူး။ ဘာသားရေးအရ ပိတ်ပင်တဲ့ ညွှန်ကြားချက်ထုတ်ပြီးကတည်းက “ပရာဂါစ်”  အဖွဲ့သားတွေလည်း စိတ်လျှော့လိုက်ကြပြီလို့ အနီကာက ပြောပါတယ်။

“ကျမတို့ကို ထောက်ခံတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် ကျမတို့ ဆက်မလုပ်တော့ပါဘူး။ အားလုံး ပြီးဆုံးသွားပါပြီ။”

(Kashmir’s First All-girl Rock Band Quits Post Fatwa by Bismillah Geelani, New Delhi, India)

by ဒီဗွီဘီ