Home » » ကားအစီး(၂၀)နှင့် ဆိုင်ကယ်(၇)စီး ခိုးယူသူအား ဖေါ်ထုတ် ဖမ်းဆီး

ကားအစီး(၂၀)နှင့် ဆိုင်ကယ်(၇)စီး ခိုးယူသူအား ဖေါ်ထုတ် ဖမ်းဆီး

Written By Unknown on Sunday, June 30, 2013 | 9:48 PM

ရန်ကုန်၊ ဇွန် ၃၀

ကားအစီး(၂၀)နှင့် ဆိုင်ကယ်(၇)စီး ခိုးယူခဲ့သူ ကျော်ထူးအောင် (ခ)စည်သူ(ခ)ကုလား (ခ)ကျော်ဇေယျာဝင်း (ခ)ဂျလေပီ၊ (ဘ)ဦးကျော်ဝင်း သာကေတမြို့နယ် နေသူအား ဖမ်းဆီးရမိ ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်း ထုတ်ပြန်ထားပါသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ကားပျောက်ဆုံး ပြန်တွေ့ ဖြစ်စဉ်များ၊ ကားအားခိုးယူရပ်ထားပြီး ဆိုင်ကယ်သမားများအား တား၍ ကားပျက်သဖြင့် ၀ပ်ရှော့ဆရာ သွားခေါ်ရန်ဟု အကြောင်းပြကာ ခိုးယူလာသော ကားအား ထားခဲ့ပြီး ဆိုင်ကယ်အား ထပ်မံ ခိုးယူသွားသော
ဖြစ်စဉ်များ နေ့စဉ်မကြာခဏ ဖြစ်ပွားနေ ပါသည်။

အဆိုပါ ဖြစ်စဉ်များကြောင့်  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အစီအမံဖြင့် တိုင်း/ခရိုင်အထူး အဖွဲ့များ၊ မြို့နယ်ရဲစခန်းများရှိ နယ်ထိန်း တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သတင်းရယူ ဆောင်ရွက်
လျက်ရှိရာ တာမွေမြို့နယ်၌ ၂၁.၆.၂၀၁၃ရက်နေ့တွင် ပျောက်ဆုံး သွားသော အ/----၊SE ရွှေအိုရောင် ယာဉ်အား ပန်းလှိုင်တံတားမှ ကွမ်းခြံကုန်းဘက်သို့ မောင်းနှင်သွားကြောင်း သတင်းရရှိ ခဲ့ပါသည်။

အဆိုပါ သတင်း အရ တာမွေမြို့မ ရဲစခန်းနှင့် ကွမ်းခြံကုန်းမြို့မ ရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များချိတ်ဆက် ပူးပေါင်း၍ လိုက်လံ ဖမ်းဆီး ခဲ့ရာ ၁၇၁၀ အချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာတွင် ပျောက်ဆုံးသွားသော ယာဉ်အမှတ် အ/---- နှင့် အတူ ကားအား ခိုးယူသွားသူ ကျော်ထူးအောင် (ခ)စည်သူ(ခ)ကုလား (ခ)ကျော်ဇေယျာဝင်း (ခ)ဂျလေပီ၊ (ဘ)ဦးကျော်ဝင်း သာကေတမြို့နယ်နေသူအား ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။

၎င်းအား စစ်ဆေးရာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းပဲတန်း၊ လသာ၊ သန်လျင်၊ ထန်းတပင်မြို့နယ်များမှ ကားအစီး(၂၀)နှင့် သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ကျောက်တန်း၊ လှိုင်သာယာ၊ ထန်းတပင်မြို့နယ်များမှ ဆိုင်ကယ်(၇)စီးတို့အား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့  သတင်းထုတ်ပြန်ချက် အရ သိရပါသည်။