Home » » နို့ဖိုးဒုက္ခသည်စခန်းတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းမြင့်နေ

နို့ဖိုးဒုက္ခသည်စခန်းတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းမြင့်နေ

Written By Unknown on Wednesday, June 12, 2013 | 7:35 PM

ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းဟာ ဒီသီတင်းပတ်အတွင်း ပိုမြင့်လာတယ်လို့ စခန်းမှာရှိတဲ့ ဆေးရုံတာဝန်ခံက ပြောပါတယ်။

မတ်လ ၁၈ ရက်ကနေ ဇွန် ၁၂ ရက်နေ့ အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားလို့ ဆေးရုံရောက်လာတဲ့ လူနာ ၂၄၃ ဦး ရှိသွားပြီ ဖြစ်ပြီး ၁၀ လသားအရွယ် မိန်းကလေး တဦးလည်း သေဆုံးသွားတယ်လို့ နိုဖိုးဒုက္ခသည်စခန်း ဆေးရုံအုပ် စောမင်းထွဋ်က ပြောပါတယ်။

အခု သီတင်းပတ်အတွင်းမှာတော့ သွေးလွန်တုပ်ကွေးဖြစ်ပွားတာ ပိုမြင့်လာပြီး ဇွန် ၁၁ ရက်နေ့ ၂၄၁ ဦးရှိခဲ့ရာကနေ ဒီနေ့ ၂၄၃ ဦး အထိ တိုးလာတယ်လို့ သူက ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ အခြေအနေကို ထိုင်းက ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ စခန်းထဲမှာ ဆေးဖြန်းတာတွေ လုပ်ဆောင်နေကြောင်း၊ လာမယ့်ရက်တွေမှာ လျော့သွားနိုင်မယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၄-၅-၁၀ ရက်လောက်ကဆို case ၅ ခုကနေ ၁၀ ခုအထိ ဖြစ်တယ်။ ဖြစ်ပွားသူကများလာလို့ ထိုင်း သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးအဖွဲ့ကနေ သူတို့ရဲ့ ကျန်းမာရေးဌာန ညွှန်ကြားချက်အရ စခန်းထဲကိုလာပြီး စီမံချက်နဲ့ ၃ ကြိမ်တိုင်တိုင် ဆေးဖြန်း၊ ဆေးမှုတ်လုပ်တယ်။”

ဖြစ်ပွားတဲ့သူတွေက လူလတ်ပိုင်းတွေ များတယ်လို့လည်း သူက ရှင်းပြပါတယ်။ ဒါ့အပြင် မယ်လ ဒုက္ခသည် စခန်းမှာလည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားတာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသေးစိတ်ကို သိရဖို့ စခန်း တာဝန်ရှိသူတွေကို ဆက်သွယ်ပေမယ့် ပြန်လည် ဖြေကြားတာမရှိခဲ့ပါဘူး။
အရင် ရက်ပိုင်းကလည်း ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားတဲ့နှုန်း အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။

 by ဒီဗွီဘီ