Home » » လုံခြုံရေးသတိရှိရန် ကုလသမဂ္ဂက ၀န်ထမ်းများကို သတိပေး

လုံခြုံရေးသတိရှိရန် ကုလသမဂ္ဂက ၀န်ထမ်းများကို သတိပေး

Written By Unknown on Thursday, June 20, 2013 | 5:59 PM

ရန်ကုန်မှာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က နိုင်ငံခြားသူတဦး တိုက်ခိုက်ခံရပြီး လက်သည်ကို မမိသေးသရွေ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့မှာ လုပ်ကိုင်နေတဲ့သူတွေကို တဦးတည်း အပြင်ထွက်သွားလာရင် သတိထားဖို့ ရုံးတွင်း သတိပေးချက်ထုတ်ထားပါတယ်။

ဇွန် ၁၃ ရက်နေ့ညပိုင်းက ဒဂုံမြို့နယ် အလံပြဘုရားလမ်း ပလက်ဖောင်းပေါ်မှာ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် (WFP) က နိုင်ငံခြားသူတဦး တဦးတည်း လမ်းလျှောက်နေစဉ်မှာ ဓားနဲ့ ထိုးခံရပြီးနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး လုံခြုံရေးနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေက အခုလို သတိပေးနေတာလည်း ဖြစ်ပါတယ်။

တဦးတည်းမှောင်တဲ့လမ်းတွေနဲ့ လူသူကင်းမဲ့တဲ့နေရာတွေကို မသွားဖို့၊ နေ၀င်ပြီးတာနဲ့ လက်သည်မမိ မချင်း ဒီနေရာတွေကို မသွားဖို့လည်း သတိပေးထားတယ်လို့ ဒီဗွီဘီကရရှိတဲ့ စာမှာ ရေးသားထားပါတယ်။ ဒဏ်ရာရအမျိုးသမီးကို ဆေးရုံတင်လိုက်ရပြီး အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်ခံရတဲ့သတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ပြောခွင့်ရသူ ဦးအေးဝင်းကို မေးမြန်းရာမှာ ဖြစ်ပွားမှုကိုအတည်ပြုပေမယ့် ဒီကိစ္စဟာ ကာယကံရှင်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်သလို ရုံးရဲ့ပေါ်လစီအရလည်း အသေးစိတ်မပြောဆိုပါဘူးလို့ ဖြေပါတယ်။

အခင်းဖြစ်တဲ့ နယ်မြေအပိုင် ဒဂုံရဲစခန်းကို မေးမြန်းရာမှာတော့ တိုက်ခိုက်ခဲ့တဲ့သူကို လိုက်လံ စုံစမ်းဖမ်းဆီးနေဆဲ ဖြစ်ပြီး ဒီအမှုကို ကိုယ်တွယ်တဲ့ ရဲတပ်ဖွဲ့ဝင် မရှိတဲ့အတွက် အသေးစိတ် မပြောနိုင်ဘူးလို့ ပြောပါတယ်။တိုက်ခိုက်ခံရသူဟာ အမေရိကန်နိုင်ငံသား တရုတ်လူမျိုး ထရီဆာဝိုင်ယီဟာ (Teresa Wai Yee Ha) ဖြစ်ပြီး အမည်မသိ အမျိုးသားတဦးက နောက်ကျောဘက်ကနေ ချုပ်ကိုင်ပြီး ချွန်ထက်သော အရာနဲ့ လည်ပင်းကို တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ လူမှုရေး ကွန်ရက်ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

by ကို​ထွေး​(ဒီဗွီဘီ)