Home » » မလေးရှား သွားရိုက်မည့်ဇာတ်ကား ပြေတီဦး ပယ်ဖျက်

မလေးရှား သွားရိုက်မည့်ဇာတ်ကား ပြေတီဦး ပယ်ဖျက်

Written By Unknown on Monday, June 17, 2013 | 2:47 PM

မလေးရှားရောက် မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို အခြေခံရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်လမ်းကို သဘောတူညီချက်ရပြီးမှ ရုပ်ရှင်မင်းသား ပြေတီဦးက မရိုက်တော့ဖို့ ငြင်းဆန်လိုက်ပါတယ်။

ဒီဇာတ်ကား ရိုက်ကူးမှုအတွက် သရုပ်ဆောင်မင်းသား ပြေတီဦးကို စရန်ငွေ သိန်း ၅၀ ပေးထားပြီးဖြစ် ပါတယ်။ ဒါပေမယ့် ပြေတီဦးဘက်က အခုလိုငြင်းဆိုမှုအတွက် စရန်ငွေကို ပြန်ပေးပေမယ့် တဖက်က လက်မခံသေးပါဘူး။

မဟာဆန်တဲ့ မာယာမျက်နှာဖုံးလို့ နာမည်ပေးထားတဲ့ ဒီဇာတ်ကားကို မလေးရှား ဒါရိုက်တာက ရိုက်ကူးမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးကတော့ ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်မယ့် မင်းသမီးနဝရတ် ရဲ့ ငွေလမင်းရုပ်ရှင်ထုတ်လုပ်ရေးပါ။

သရုပ်ဆောင် ပြေတီဦးက ဒီဇာတ်လမ်းဟာ ရည်ရွယ်ချက်ကောင်းမွန်ပေမယ့်လည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး ရိုက်ကူးဖို့ မဖြစ်နိုင်တဲ့အတွက် ငြင်းဆန်လိုက်ရတာလို့ ဆိုပါတယ်။

“သူတို့နဲ့ ကျနော်နဲ့ ဒီကားကို ရိုက်ဖို့ ပြောတုန်းက ဘာမှပြဿနာမရှိပါဘူး။ ဒီကားရိုက်ဖို့ ပြောပြီးဆိုပြီးတဲ့အချိန်ကျတော့မှပဲ မလေးရှားမှာ ကျနော်တို့ မြန်မာလူမျိုးတွေ ပဋိပက္ခ အဓိကရုဏ်းတွေ ဖြစ်ကြတယ်။ ဖြစ်ကြတယ်ဆိုတဲ့အနေအထားမှာ ကျနော့်အနေနဲ့က ဒီကားကို ရိုက်ဖို့ အခက်အခဲ အများကြီးရှိသွားတယ်။ ဆိုလိုတာက ကျနော်တို့ မြန်မာလူမျိုးတွေ၊  ကျနော်တို့ မြန်မာနိုင်ငံသားတွေက မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် အသည်းအသန် ကြိုးပမ်းနေကြတဲ့ အချိန်မျိုးမှာ ကျနော်က ဒီနိုင်ငံကိုသွားပြီး ဒီနိုင်ငံကလူမျိုးတွေနဲ့ ပူးပေါင်းပြီး ရုပ်ရှင်သွားရိုက်နေတယ်ဆိုတဲ့အမြင်ဟာ ကျနော်တို့နိုင်ငံအတွက် အမြင်တမျိုးရှိသွားနိုင်တယ်။ ဘာပဋိပက္ခမှ မရှိဘူးဆိုရင်  ဒီကားလေးက အရမ်းရိုက်သင့်တဲ့ကားပါ။”

ဒီဇာတ်လမ်းကို ရိုက်ကူးထုတ်လုပ်မယ့် သူတွေက အစားထိုးဖို့ သရုပ်ဆောင်မင်းသားတဦးကို အမြန်ဆုံးရှာဖွေရတော့မှာဖြစ်သလို ဒီအပြောင်းအလဲကြောင့် ရိုက်ကူးရေးပိုင်း ကြိုတင်စီစဉ်ထားတာတွေကို ပြန်လည်ပြင်ဆင်ရမှာဖြစ်လို့ ထုတ်လုပ်ရေးပိုင်းမှာ နစ်နာမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ရိုက်ကွင်းမန်နေဂျာ ဦးစတီးလ်က “မနေ့ညကမှ ကျနော်တို့ကို သူပြောတယ်။ ဒီကားကိုမရိုက်ဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားကို တခြားနိုင်ငံက သူတွေနဲ့ရိုက်ရင် ဘာလို့တခြားနိုင်ငံက သူတွေနဲ့ရိုက်ရတာလဲလို့ အင်တာနက်ပေါ်မှ ပြောဆိုလာမှာတွေကြောင့် မရိုက်နိုင်တော့ဘူးလို့ ပြောတယ်။ မနေ့ညက ပိုက်ဆံပြန်အမ်းတယ်။ ဒါပေမယ့် လက်မခံခဲ့ဘူး။ ဒါက သူတယောက်တည်း ဆုံးဖြတ်လို့ရတာမဟုတ်တဲ့အတွက် အုပ်စုနဲ့လုပ်တာဖြစ်တဲ့အတွက် အစည်းအဝေးထိုင်ပြီးမှ အကြောင်းပြန်မယ်လို့ ပြေတီကို ပြောလိုက်တယ်။”

မင်းသားပြေတီဦးဘက်က မြန်မာပရိသတ်ဆန္ဒနဲ့ မကိုက်ညီမှာစိုးတာကြောင့် ငြင်းဆိုလိုက်ပေမယ့် ရိုက်ကူးထုတ်လုပ်သူတွေကတော့ ဒီဇာတ်လမ်းဟာ လက်ရှိမလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံသားတွေ အသတ်ခံရတာတွေနဲ့ အတိုက်ခိုက်ခံရတာတွေ စတဲ့ အခြေအနေတွေကို အခြေခံထားတာမဟုတ်ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက မလေးရှားနိုင်ငံရောက် မြန်မာတချို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် အနည်းဆုံး ၆ ဦး သေဆုံးပြီး ၁၂ ဦးလောက် ဒဏ်ရာရခဲ့တာကြောင့် မြန်မာအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဇင်ယော် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။

 by ယုဇနကိုကို  (ဒီဗွီဘီ)