Home » » လူမှောင်ခိုကုန်ကူးသူထဲမှာ ထိုင်းရေတပ်ပါဝင်လို့ စွပ်စွဲချက်ထပ်ပေါ်လာ

လူမှောင်ခိုကုန်ကူးသူထဲမှာ ထိုင်းရေတပ်ပါဝင်လို့ စွပ်စွဲချက်ထပ်ပေါ်လာ

Written By Unknown on Friday, June 14, 2013 | 11:08 AM

မြန်မာနိုင်ငံအနောက်ဖက်ခြမ်းကနေ ​ထွက်ပြေးလာတဲ့ ​ရိုဟင်ဂျာမွတ်စလင်တွေကို ​လူမှောင်ခိုကုန်ကူးပြီး ​ပို့ဆောင်တဲ့အထဲမှာ ​ထိုင်းရေတပ်က ​ပါဝင်နေတယ်ဆိုတဲ့ ​စွပ်စွဲချက် ​အသစ်တခုထွက်ပေါ်လာပါတယ်။

မလေးရှားမှာရောက်ရှိလာတဲ့ ​ရိုဟင်ဂျာ ​မွတ်စလင်တွေက ​ထိုင်းရေတပ်က ​သူတို့ဖမ်းမိခဲ့ပြီးတော့ ​ ရိုက်နှက်ပြီး ​လူမှောင်ခိုကုန်ကူးသူတွေရဲ့ ​လက်ထဲရောင်းစားခဲ့တယ်လို့ ​အေဘီစီ ​သတင်းဌာနကို ​ပြောပြခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကလည်း ​ ထိုင်းနိုင်ငံ ​ဖူးကက်ဒေသအနီးမှာ ​ရောက်ရှိလာတဲ့ ​ခိုလုံခွင့်တောင်းခံသူ ​ရိုဟင်ဂျာ ​မွတ်စလင်တွေရဲ့လှေကို ​ထိုင်းရေတပ်ကဖမ်းမိခဲ့ပြီး ​ပစ်ခတ်ခဲ့တဲ့တွက် ​အနည်းဆုံး ​လူနှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့ ​စွပ်စွဲချက်ကိုလည်း ​အေဘီစီသတင်းဌာနက ​ဖော်ပြခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံ ​ကမ်းခြေကိုရေကူးလာတဲ့ ​ရိုဟင်ဂျာမွတ်စလင်တွေနဲ့ ​ဖမ်းမိခဲ့တဲ့ ​သူတွေကို ​လူမှောင်ခိုကုန်ကူးသူတွေရဲ့ ​လက်ထဲရောင်းစားခဲ့တယ်ဆိုတဲ့ ​စွပ်စွဲချက်တွေကို ​ထိုင်းရေတပ်ဖက်က ​ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ​အလားတူပဲ ​လူမှောင်ခို ​ကုန်ကူးသူတွေထံကို ​ရောင်းစားခံရတဲ့ ​ရိုဟင်ဂျာ ​မွတ်စလင် ​အမျိုးသားတွေကိုလည်း ​အေဘီစီ ​သတင်းဌာနကနေ ​ထပ်မံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။

လူမှောင်ခိုကုန်ကူးသူတွေလက်ထဲ ​ရောင်းစားခံရတဲ့ ​ရိုဟင်ဂျာမွတ်စလင်လူမျိုး ​တဦးက ​ထိုင်းရေတပ်က ​သူ့ကိုတညလုံးရိုက်နက်ခဲ့ပြီး ​မနက်ပိုင်းမှာ ​ထိုင်းလူမျိုးတွေထံ ​အပ်နှံခဲ့တဲ့အကြောင်း၊ ​ပြီးတော့ ​လူမှောင်ခိုကုန်ကူးသူတွေရဲ့လက်ထဲမှာ ​လွဲအပ်ခဲ့ချိန်မှာလည်း ​ဆယ်နှစ်ကြိမ်လောက် ​ထပ်ပြီးရိုက်နှက်ခံရပြန်တဲ့အကြောင်းကို ​မကြာသေးခင်ကမှ ​မလေးရှားနိုင်ငံထဲ ​အသစ်ရောက်ရှိလာတဲ့ ​ရိုဟင်ဂျာမွတ်စလင် ​အမျိုးသားနှစ်ဦးက ​အေဘီစီ ​သတင်းဌာနကိုပြောပြခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက ​ဒီကိစ္စကို ​ငြင်းဆိုနေပေမယ့် ​ခိုလုံခွင့်တောင်းခံသူတွေရဲ့ ​စွပ်စွဲချက်ဟာ ​မှန်ကန်နေမယ်ဆိုရင်တော့ ​ထိုင်းရေတပ်ဟာ ​လူမှောင်ခိုကုန်ကူးသူတွေနဲ့ ​ပါဝင်ပတ်သက်နေလိမ့်မယ် ​ဆိုတာကို ​အတည်ပြုလို့ရမှာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​ဥရောပသမဂ္ဂ ​လွှတ်တော်အမတ်တွေကလည်း ​မြန်မာနိုင်ငံက ​ရိုဟင်ဂျာ ​မွတ်စလင်တွေကို ​ကာကွယ်ပေးဖို့အတွက် ​အာဏာပိုင်တွေကို ​တောင်းဆိုလိုက်သလို ​အကြမ်းဖက်မှုတွေကိုလည်း ​ရှုပ်ချခဲ့ပါတယ်။

ABC Radio Australia