Home » » ဆယ်ရက်အတွင်း ရွှေတစ်ကျပ်သား ကျပ်ငါးသောင်းခန့်ကျ

ဆယ်ရက်အတွင်း ရွှေတစ်ကျပ်သား ကျပ်ငါးသောင်းခန့်ကျ

Written By Unknown on Saturday, June 29, 2013 | 6:22 PM

ရန်ကုန်-ပြည်တွင်းရွှေဈေးနှုန်းများ သည် ခန့်မှန်းထားသည်ထက် ကျဆင်းနေပြီး ယခုနှစ်၏ အနိမ့်ဆုံးဈေးဖြစ်သော ၆၆၆,၀၀၀ ကျပ်သို့ ဇွန် ၂၈ ရက်တွင် ရောက်ရှိလာကြောင်း ရွှေဈေးကွက်မှ သတင်းရရှိသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၁၀,၀၀၀ ကျပ် ရှိနေရာမှ ကမ္ဘာ့ရွှေဈေးကျဆင်းခြင်းကြောင့် ၁၀ ရက်အတွင်း ပြည်တွင်းရွှေဈေးများမှာ ကျပ် ၅၀,၀၀၀ ခန့် ကျဆင်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ၁,၃၇၀ ဒေါ်လာဝန်းကျင်ရှိရာမှ ၁,၁၈၃ ဒေါ်လာအထိ ဈေးနှုန်းများ ကျဆင်းလာသည်။

ရွှေဈေးကျဆင်းမှုများကြောင့် ဆိုင်များတွင် ၀ယ်လိုအားတက်လာပြီး ပစ္စည်းပြတ်သည်အထိ အ၀ယ်ရှိနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။

“ဈေးကတော့ ကျတာမြန်တယ်။ အကျလည်းများတော့ ၀ယ်တဲ့သူတွေ တော်တော်များတယ်။ ဒီဈေးထိကျမယ်လို့တောင်မထင်ထားဘူး။ ပစ္စည်းပြတ်တဲ့အထိကို ရောင်းနေရတယ်” ဟု အောင်သမာဓိ ရွှေဆိုင်မှ ကိုဝင်းငယ်ကပြောသည်။

လက်ရှိကျဆင်းသွားသော ဈေးများသည်ပင် ခန့်မှန်းသည်ထက် ပိုကျနေခြင်းကြောင့် ဈေးကွက်အနေအထားမှာ ခန့်မှန်းရခက်နေကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။ ကမ္ဘာ့ရွှေဈေးဆက်ကျမည်ဆိုပါက ပြည်တွင်း ၀ယ်လိုအားကောင်းသော်လည်း ရွှေဈေးနှုန်းများမှာ ဆက်လက်ကျ ဆင်းနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များ ကပြောသည်။

ရွှေဆိုင်များတွင် အထည်ဈေးကွက် ရောင်းအားများမြင့်တက်သလို ဖြတ်စနှင့် အပိုင်းဝယ်လိုအားများမှာလည်း သိသာစွာ မြင့်တက်နေသည်ဟု ဆိုသည်။

“ဈေးက အကျများတော့ ၀ယ်ထားလိုက်တယ်။ ဆိုင်တွေများမှာ ၀ယ်တဲ့သူတွေ အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ဒီဈေးက အနိမ့်ဆုံးဆိုတော့ ထားနိုင်ရင် ပြန်တက်မှာပဲဆိုပြီး ၀ယ်လိုက်တာ” ဟု ရွှေဈေးကျ၍ အပိုင်းများဝယ်ယူထားသူတစ်ဦးကပြောသည်။ဈေးနှုန်းများကျဆင်းခြင်းကြောင့် အပိုင်းအရောင်းအ၀ယ်ပြုလုပ်သော ရွှေဘုံသာလမ်းဈေးကွက်တွင်လည်း အရောင်းအ၀ယ်လုပ်သော ပမာဏမြင့်တက်လာသကဲ့သို့ လက်ကြီးဝယ်လက်များ၏ ၀ယ်လိုအားများဆိုလျှင် ပိဿာ ၁၅၀ ခန့် ထိ ၀ယ်ယူမှုများရှိလာကြောင်း အပိုင်းကုန်သည်တစ်ဦးကပြောသည်။

ပြည်တွင်းရွှေဈေးများမှာ နယ်စပ်ရွှေပေါက်ဈေးများထက်စာလျှင် ကျပ် တစ်သိန်းကျော် ဈေးနှုန်းများ မြင့်နေခြင်းကြောင့် ထိုင်းနယ်စပ်မှ ရွှေများပြည်တွင်းဈေးကွက်သို့ ၀င်ရောက်နေသည်။

7Day News Journal