Home » » အလံဇောက်ထိုးလွှင့်သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူ

အလံဇောက်ထိုးလွှင့်သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူ

Written By Unknown on Saturday, June 29, 2013 | 6:31 PM

ရန်ကုန်-ကရင်နှစ်သစ်ကူးနေ့တွင် နိုင်ငံတော်အလံလွှင့်တင်ရာ၌ မြေပေါ် ကျအောင် လုပ်ဆောင်ခဲ့သည် ဟု စွပ်စွဲခံရသော ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် အလံဇောက်ထိုးလွှင့်ထူသူ နှစ်ဦးလုံးကို ခြောက်လခန့်အကြာတွင် နိုင်ငံတော်အလံဥပဒေပုဒ်မဖြင့် အရေးယူလိုက်ကြောင်း သတင်းရရှိသည်။

၂၀၁၃ ဇန်န၀ါရီ ၁၂ ရက်က ကွမ်းခြံကုန်းမြို့နယ်၊ ဆူးကလပ်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပစဉ် နိုင်ငံတော်အလံအား လွှင့်တင်ရာ အလံတိုင်တစ်ဝက်အရောက်တွင် မြေပေါ်သို့ ပြုတ်ကျခဲ့သည်။ ထို့ကြောင့် ၎င်းနှင့်အတူ နောက်တစ်ဦးကလည်း ၀ိုင်းကူ၍ ပြန်လည်လွှင့်ထူရာ နိုင်ငံတော်အလံအား ဇောက်ထိုးလွှင့်ထူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

ထိုအခါ အဆိုပါကျေးရွာတွင် နေထိုင်ကြသော ကျေးရွာသား ၅၀ ဦးခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်စာရေးသားကာ တိုင်ကြားခဲ့၍ စစ်ဆေးခဲ့ရာတွင် တိုင်ကြားသည့်အတိုင်း ဟုတ်မှန်သောကြောင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

“အမှုစဖွင့်တဲ့အချိန်မှာ မြို့နယ်ရုံးကနေ စုံစမ်းထောက်လှမ်းပြီးတော့ အမှုကပေါ်ပေါက်နေလို့ အမှုကို လက်ခံပြီး ရွာအုပ်ချုပ်ရေးမှူးကို ရဲက ဖမ်းလိုက်ရတာပါ။ အချုပ်မှာ ဆယ့်ငါးရက်ချုပ်ထားဦးမယ်။ ပြီးမှ ရုံးထုတ်မှာ” ဟု အမှုဖွင့်ပြီး ခြောက်လကြာမှ တရားခံများအား ဖမ်းဆီး
ရမိကြောင်း အဆိုပါရဲဝန်ထမ်းက ရှင်းလင်းပြောကြားသည်။

ထို့ကြောင့် ဇွန် ၂၆ ရက်ည ၈ နာရီ မိနစ် ၄၀ တွင် ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းမှ အမှုဖွင့်ကာ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ ဖြင့် တရားခံများကို ဖမ်းဆီးကာ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဆူးကလပ်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးကပြောရာတွင် နိုင်ငံတော်အလံမှာ မြေပေါ်သို့မရောက်ခဲ့ဘဲ ၎င်း၏ အမျိုးသားအား ဖမ်းခေါ်သွားပြီး အချုပ်ထဲထည့်ထားခြင်းဖြစ်၍ မကြာမီပြန်လွတ်ရန် မျှော်လင့်ကြောင်းပြောသည်။

ယခုတရားစွဲဆိုခံထားရသော ကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င် အမျိုးသားနှစ်ဦးတို့အား စွဲဆိုထားသော ပုဒ်မအရ ပြစ်ဒဏ်မှာ ထောင်ဒဏ် သုံးနှစ်ထက်မပိုသော ပြစ်ဒဏ်နှင့် ကျပ်ငွေသုံးသိန်းထက်မပိုသော ဒဏ်ကြေးငွေတစ်မျိုးမျိုး(သို့မဟုတ်)ဒဏ်နှစ်ရပ်လုံး ကျခံစေရမည်ဟု နိုင်ငံ
တော်အလံဥပဒေပုဒ်မ ၁၆ တွင် ဖော်ပြထားသည်။နိုင်ငံတော်အလံသစ်ပြောင်းပြီးနောက် အစိုးရအဖွဲ့အစည်းအဝေးအချို့နှင့် ပါတီကြီးတစ်ခု အစည်းအဝေးမှာပင် နိုင်ငံတော်အလံမှာ ပြောင်းပြန်ဖြစ်ဖူးကြောင်း သတင်းရရှိသည်။

7Day News Journal