Home » » မုံရွာ အကြွေစေ့ဂိမ်းဆိုင်များ ပိတ်သိမ်းမည်

မုံရွာ အကြွေစေ့ဂိမ်းဆိုင်များ ပိတ်သိမ်းမည်

Written By Unknown on Thursday, June 20, 2013 | 5:32 PM

မုံရွာ၊ ဇွန် ၁၉.

မုံရွာမြို့ပေါ်ရှိ ငွေကြေးဖြင့် လဲလှယ်၍ ကစားရသော အကြွေစေ့ ဂိမ်းဆိုင်များမှာ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချက် လျှောက် ထားခြင်း မရှိဘဲ ဖွင့်လှစ်ထားသည့်အတွက် ပိတ်သိမ်းရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း မုံရွာမြို့နယ်မှ အရာရှိတစ်ဦးက ပြောကြားသည်။

ငွေကြေးဖြင့် အကြွေစေ့ လဲလှယ်၍ လောင်းကစားသူများ တစ်ရက် တခြားများ ပြားလာပြီး ယင်းဂိမ်းဆိုင်များမှာ ခွင့်ပြုချက်ရယူထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ခွင့်ပြုချက်မရခင် ကာလအတွင်း ပိတ်သိမ်းထားရန် လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များကို မေလ နောက်ဆုံးပတ်တွင် ဝန်ခံကတိ ထိုးခိုင်းထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ခွင့်ပြုချက် မရမီကာလမှာ ပိတ်သိမ်းထားရန်ဆိုတဲ့ ညွှန်ကြားချက်ကို လက်ခံပါတယ် ဆိုတာရယ်၊ နောက်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ပါက ဥပဒေအရ အရေးယူခြင်း ခံရမည်ကို သိရှိကြောင်း ဝန်ခံကတိ ထိုးခဲ့ရတယ်” အကြွေစေ့ ဂိမ်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

မေလ နောက်ဆုံးပတ်တွင် ခေါ်ယူ သတိပေးခံရမှုများတွင် အကြွေစေ့ ဂိမ်းဆိုင်များအပြင် ကွန်ပျူတာဖြင့် Network ချိတ်ဆက်၍ ဆော့ကစားသော ဂိမ်းဆိုင်များ၊ ရပ်ကွက်အတွင်း ကလေးငယ်များ ဆော့ကစားရန် ဖွင့်လှစ်ထားသည့် PS 2 ဂိမ်းဆိုင်များလည်း ပါဝင်ခဲ့ကြောင်း မုံရွာမြို့ပေါ်ရှိ ဂိမ်းဆိုင်ပိုင်ရှင်များက ပြေားကြားသည်။

“ကျွန်တော်ကတော့ နားမလည်နိုင်ဘူး။ အကြွေစေ့နဲ့ ငွေလဲပြီး ဆော့ရတဲ့ ဂိမ်းဆိုင်တွေကိုပဲ ခေါ်သတိပေးတယ် ထင်တာ။ ကျွန်တော်တို့ ဂိမ်းဆိုင် အသေးလေးတွေကိုလည်း ယာယီပိတ်ခိုင်းတာ နစ်နာတယ်။ ကျွန်တော်တို့က ပိုက်ဆံနဲ့လဲပြီး ကစားတဲ့ ဆိုင်လည်းမဟုတ်ဘူး။ နာရီနဲ့ အချိန် သတ်မှတ်ပြီးတော့မှ ကစားရတဲ့ ဂိမ်းဆိုင်တွေ။ သက်ဆိုင်ရာကိုလည်း ဂိမ်းဆိုင် စဖွင့်ကတည်းက လုပ်ငန်း လုပ်ကိုင်ဖို့ လိုင်စင် လျှောက်ခဲ့ ရပါတယ်”ဟု မုံရွာမြို့ လယ်တီရပ်ကွက်မှ ကွန်ပျူတာ ဂိမ်းဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

မုံရွာမြို့ပေါ်တွင် ကွန်ပျူတာ ဂိမ်းဆိုင်များနှင့် PS 2 ဂိမ်းဆိုင်များမှာ ရပ်ကွက်တိုင်းတွင် များစွာရှိပြီး ငွေကြေးဖြင့် လဲလှယ်၍ ဆော့ကစားရသော အကြွေစေ့ ဂိမ်းဆိုင်မှာ ကျောက္ကာ လမ်းမကြီးပေါ်တွင် လေးဆိုင်၊ မြို့သစ်ရပ်တွင် နှစ်ဆိုင်နှင့် မုံရွာ ကုန်စည်ဒိုင် အနီးတွင် တစ်ဆိုင် ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly