Home » » မလေးရှားရောက် မြန်မာလုပ်သားများ ပြန်လာရန်အခက်ကြုံ

မလေးရှားရောက် မြန်မာလုပ်သားများ ပြန်လာရန်အခက်ကြုံ

Written By Unknown on Wednesday, June 12, 2013 | 2:51 PM

ရန်ကုန်၊ ဇွန်-၁၀

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဆက်တိုက်ကြုံတွေ့ရပြီး မလေးရှားရဲတပ်ဖွဲ့ကလည်း မြန်မာအလုပ်သမားများကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားအများစုမှာ ပြန်လာလိုကြသော်လည်း အခက်အခဲများရှိနေကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားအများစု၏ နိုင်ငံကူး လက်မှတ်နှင့် စာရွက်စာတမ်းများကို ၎င်းတို့၏ သူဌေးများက ကိုင်ဆောင်ထားသောကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် အခက်အခဲများရှိနေကြောင်း ခုနစ်ရက်သားသမီးများ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။

“ဟိုမှာဆက်နေရင် နောက်ကြောမလုံသလို ခံစားရတယ်။ အဲဒါကြောင့် အပြီးပြန်လာတယ်။ ဟိုမှာရှိနေတဲ့ မြန်မာတွေ ခြောက်ဆယ်ရာခိုင်နှုန်းလောက်က ပြန်လာချင်နေကြတယ်။ ပြန်ဖို့ရာကလည်း ပတ်စ်ပို့က ကိုယ့်လက်ထဲရှိမှ ပြန်လို့ရတာ သူဌေးတွေက သူတို့ကိုင်ထားတာ များတယ်” ဟု မုံရွာမြို့မှ မလေးရှားနိုင်ငံ ဆာလာရမ်းမြို့တွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး ဇွန် ၉ ရက်တွင် ပြန်လာသူ ကိုမျိုးမင်းထွန်းက ပြောသည်။

လုပ်သားအများစုမှာ ပြန်လာလိုပါက ၎င်းနေရာအတွက် အလုပ်သမားတစ်ဦး အစားထိုးရန်ရှိပါမှ သူဌေးများက ပြန်လွှတ်ပေးကြောင်း ကိုမျိုးမင်းထွန်းက ဆက်ပြောသည်။

မေ ၃၀ ရက်မှ ဇွန် ၈ ရက်အထိ ဆလန်းဂါးပြည်နယ် အချို့နေရာနှင့် ကွာလာလမ်ပူမြို့တို့တွင် မြန်မာနိုင်ငံသားများနှင့် မလေးရှားဒေသခံများသည် အနည်းဆုံးဆယ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံသား ခြောက်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပွားပြီး ဇွန် ၅ ရက်တွင် ကွာလာလမ်ပူမြို့နှင့် အခြားမြို့တို့တွင် မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံ သားတစ်ထောင်ကျော် ၀န်းကျင်ကို ဖမ်းဆီးခဲ့ကြသေးသည်။ ဖမ်းဆီးမှုများကို ဇွန် ၈ ရက်နှင့် ၉ ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့များတွင် ဖမ်းဆီးမှုများ မပြုလုပ်ဘဲ ဇွန် ၁၀ ရက်တွင်မူ ကွာလာလမ်ပူမြို့အရှေ့ဘက် ဂျိုဟိုး၊ ပီနန်၊ ဘတ်တာဝပ်၊ ဘလက်ကောင်း
စသည့်မြို့နယ်တို့တွင် ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မလေးရှားရောက် မြန်မာများက ဆိုသည်။

ပြဿနာ စတင်ဖြစ်ပွားသော ရက်အနည်းငယ်က ဆာလာရမ်း၊ ခပ်ပွန်းနှင့် ကွာလာလမ်ပူမြို့တို့တွင်သာ အကြမ်းဖက်မှုများ ရှိခဲ့သော်လည်း ဇွန် ၉ ရက် ညတွင် မလေးရှားနိုင်ငံသားအချို့သည် ဂျလန်းမြို့နယ်နှင့် ဂျိုဟိုးမြို့နယ်တို့တွင် ကားဖြင့်လှည့်လည်ပြီး အကြမ်းဖက်မှုများ လိုက်လံပြုလုပ်နေကြောင်း သတင်းရရှိသည်။

“ကားပေါ်မှာ လူ ၂၀ လောက်ပါတယ်။ တုတ်၊ ဓားတွေကိုင်ထားကြတာ။ ဒီမှာရှိနေတဲ့ မြန်မာတွေ မအိပ်ရဲကြဘူး။ ကင်းစောင့်ပြီးတော့ နေနေရတယ်” ဟု ဂျလန်းမြို့တွင် အလုပ်လုပ်နေသူ ကိုဆန်းမျိုးက ပြောသည်။

မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသော မြန်မာနိုင်ငံသားအချို့မှာ ဇွန်လဆန်းမှစ၍ မြန်မာနိုင်ငံသို့ ဆက်တိုက် ပြန်လာသူများရှိနေကြောင်း လေကြောင်းလိုင်းများမှ သတင်းရရှိသည်။

“မလေးကနေ ပြန်လာတဲ့သူတွေကတော့ ရှိနေပါတယ်။ အလုပ်သမားတွေလည်း ပါပါတယ်။ ဒါပေမဲ့ သိသိသာသာကြီးတော့ ပြန်မလာကြသေးပါဘူး” ဟု အမ်အေအိုင်လေကြောင်းလိုင်းမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများ ပတ်စ်ပို့စာရွက်စာတမ်းရှိလျှင် ပြန်လွှတ်ပေးနေပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း သံရုံးမှ အတည်ပြုလျှင်လည်း ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

“သူတို့က ပြန်လွှတ်ပေးမယ်လို့လည်း ပြောတယ်။ အခုကျလည်း ဆက်ဖမ်းနေတယ်။ လူသတ်တရားခံတွေကျ အခုထိ ဖမ်းဆီးမိခြင်း မရှိသေးဘူး။ မြန်မာသံရုံးကလည်း အကူအညီမပေးဘူး” ဟု ဦးစန်းဝင်းက ဆိုသည်။

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရန်အတွက် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်းနှင့် ခရီးစဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဇွန် ၁၀ ရက်တွင် ဦးရဲထွဋ်က သူ၏ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀၀၀ ၀န်းကျင်ခန့်ရှိပြီး တရားဝင် နေထိုင်သူ ၂၀၀၀၀၀ ၀န်းကျင်၊ တရားမ၀င်နေထိုင်သူ ၂၀၀၀၀၀ ၀န်းကျင်နှင့် နိုင်ငံရေး ခိုလှုံသူ လူဦးရေ ၁၀၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သတင်းရရှိသည်။

“မလေးရှားရဲတွေက ပြဿနာဖြေရှင်းတာ မှားနေတာပါ။ သူတို့က အကုန်ဖမ်းနေတော့ တကယ်ပတ်စ်ပို့ရှိတဲ့ သူတွေလည်း အဖမ်းခံရတယ်။ နောက်က သူဌေးလိုက်ရွေးမှရတာ။ အခု ရက်ပိုင်းအတွင်းတော့ ကျွန်တော်တို့က အေးအေးဆေးဆေးဖြစ်နေတဲ့ မြို့တွေပဲ လွှတ်တယ်။ သွားတဲ့သူလည်း နည်းပါတယ်” ဟု မိုးယံပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှကို
ကျော်ထင်ကျော်က ယခုရက်ပိုင်းအတွင်း မလေးရှားသို့ အလုပ်သမားသွားရောက်မှုနည်းကြောင်း ပြောသည်။

ထိုအကြမ်းဖက် တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန် မလေးရှားအစိုးရအား တောင်းဆိုထားပြီး အမ်အေအိုင်လေကြောင်းလိုင်းမှ ပြန်လာရန် ပြင်ဆင်နေသော မြန်မာနိုင်ငံသားများအတွက် လေယာဉ်လက်မှတ်ခ ၅၀ ရာခိုင်နှုန်း ဈေးလျှော့ယူမည်ဟု ကြေညာထားသည်။ ထို့အပြင် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌဦးအောင်ကိုဝင်းက မလေးရှားရောက် မြန်မာများအတွက် ဒေါ်လာငါးသောင်း၊ မက်စ်မြန်မာ ကုမ္မဏီဥက္ကဋ္ဌ ဦးဇော်ဇော်က ပြန်လာလိုသူ ၁၀၀၀ ဦးအတွက် လေယာဉ်လက်မှတ်များ လှူဒါန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal