Home » » ဈေးကွက် အတွင်းရှိ မြေသြဇာများကို ဓာတ်ခွဲ စမ်းသပ်ကြည့်၊ အမှတ်တံဆိပ် သုံးမျိုး၌ စံနှုန်း မကိုက်ညီမှု တွေ့ရှိ

ဈေးကွက် အတွင်းရှိ မြေသြဇာများကို ဓာတ်ခွဲ စမ်းသပ်ကြည့်၊ အမှတ်တံဆိပ် သုံးမျိုး၌ စံနှုန်း မကိုက်ညီမှု တွေ့ရှိ

Written By Unknown on Wednesday, June 12, 2013 | 4:33 PM

မြန်မာနိုင်ငံ မြေသြဇာနှင့် မျိုးစေ့ ဖြန့်ဖြူး ရောင်းချသူများ အသင်းနှင့် မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းတို့ ပူးပေါင်း၍ ဈေးကွက်ထဲ၌ ရှိနေသော မြေသြဇာ များကို ဓာတ်ခွဲ စမ်းသပ်မှု ပြုလုပ်ခဲ့ရာ အမှတ်တံဆိပ် သုံးမျိုး တွင် သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိ သော မြေသြဇာများ ကို တွေ့ရှိရပြီး ဒုတိယ အကြိမ် စစ်ဆေး စမ်းသပ်မှုကို ဇွန်လထဲ၌ ပြုလုပ်မည် ဖြစ်ကြောင်း မြေသြဇာနှင့် မျိုးစေ့ ဖြန့်ဖြူး ရောင်းချသူများ အသင်းမှ ဥက္ကဋ္ဌ ဦးသတိုးဟိန်း က ပြောကြားခဲ့သည်။

အဆိုပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည့် အမှတ် တံဆိပ်များကို အရေးယူရန် ပြုလုပ်မည် ဆိုရာ၌ ယင်းတံဆိပ် သုံးမျိုးလုံးသည် ကုမ္ပဏီ နာမည် ဖော်ပြ ထားခြင်း မရှိသော မြေသြဇာများ ဖြစ်နေကြောင်း၊ မည်သည့် ကုမ္ပဏီကို အရေးယူ ဆောင်ရွက်ရမှန်း မသိ ဖြစ်နေ သဖြင့် ဈေးကွက် အတွင်းရှိ စိုက်ပျိုး ရေးသုံး ဆေးပစ္စည်း ဆိုင်များ၌ ထိုအမှတ်တံဆိပ် များကို မရောင်းရန် အသိပေး ထုတ်ပြန်ထားကြောင်းနှင့် မြေသြဇာ သုံးစွဲသူ တောင်သူ လယ်သမား များကိုလည်း လက်လှမ်း မီသရွေ့ ပညာပေး ပြောကြား ထားကြောင်း သိရသည်။

တောင်သူများ မြေသြဇာ သုံးစွဲမှုနှင့် ပတ်သက်၍ ဦးသတိုးဟိန်းက ''အဓိက ကတော့ ပညာပေး ရမှာပေါ့။ လွယ်လွယ် ပြောရရင်တော့ မြေသြဇာက ထိုက်သင့်သလောက် ကျွေးရင် သီးနှံ အတွက် အကျိုး ဖြစ်ထွန်းမှာပါ။ လူလို ပါပဲ၊ စားပိုးနင့်အောင် စားရင်တော့ လူသေ သလိုပေါ့။ သီးနှံပင်က သေတော့ မသေပါဘူး။ ဒါပေမဲ့ တောင်သူတွေ အတွက်က ပိုက်ဆံကုန်ပြီး အကျိုး မရှိဘူး ဖြစ်မယ်။ အဲဒီတော့ ထိုက်သင့်တဲ့နှုန်းက ဘယ်လိုလဲ။ သီးနှံက ဘယ်လို ကျွေးသင့်သလဲ ဆိုတာ ကျွန်တော်တို့က ပညာပေး ရမှာပေါ့။ ဈေးကွက် ထဲကို တောင်သူတွေ လိုအပ်တဲ့ ပစ္စည်း ရောက်နိုင်ဖို့ ဖြန့်ဝေ ပေးတာတွေ လိုအပ်ပါ တယ်'' ဟု ပြောကြားခဲ့သည်။

မြ၀တီ