Home » » မော်လိုက်က ဈေးသည်တွေရဲ့ ဒုက္ခ

မော်လိုက်က ဈေးသည်တွေရဲ့ ဒုက္ခ

Written By Unknown on Sunday, June 16, 2013 | 11:33 AM

(၁၅.၆.၂၀၁၃) ည (၁၀)နာရီခန့် တွင် စစ်ကိုင်းတိုင်း မော်လိုက်မြို့ မှာ  ငွေဇင်ဦး ဟုမ္မလင်း အစုန်မော်တော် ဆိုက်ကပ်စဉ် ဈေးသည်များ တက်ရောက် ရောင်းချနေသည်ကို သိပါလျှက် ပြန်ထွက်မည်ဟု အကြောင်းကြား ဆင်းစေခြင်းမရှိဘဲ ချက်ချင်း မောင်းထွက်ခိုင်းခဲ့ပြီး ပါသွားသော ဈေးသည်များကို မော်တော်ပိုင်မှ ရေလယ်ရောက်မှ  ပြန်မဆိုက် ပေးနိုင်ဘူးဟု ဆိုကာ ရေထဲခုန်ချခိုင်းခဲ့ ကြောင်း ဈေးသည်တဦးက Myanmar News Now ကို ပြောပါသည်။

ဈေးသည်(၄)ဦး ခုန်ဆင်းခဲ့ရပြီး ရေလယ်ရေနက်ပိုင်း ဖြစ်သည်က တစ်ကြောင်း၊ ညအချိန်မှောင်နေသည်ဖြစ်နေတာကြောင့် တစ်ကြောင်း ကျန်ဈေးသည်များက မခုန်ရဲပါ။ မော်လိုက်ကမ်းပေါ်ရှိ ကျန်ရှိဈေးသည်များမှ ၀ိုင်းဝန်း အော်ဟစ်ပြောဆိုမှ ပြန်လည်၍ ရေထဲခုန်ချသည့် ဈေးသည်များကို ရှော်တယ်ငယ်ဖြင့် ဆယ်ယူနိုင်ရန် မီးထိုးပေးခြင်း၊ ကမ်းပြန်ကပ်ပြီး ဈေးသည်များကို ပြန်ချပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အသေအပျောက် မရှိခဲ့၍သာ သက်သာသွားပါသည်။

မော်လိုက်မြို့ က ဒေသခံ အချို့နှင့် ဈေးသည်လေးများမှ ထို အဖြစ်အပျက် နှင့် ပတ်သက်ပြီး မော်တော်ပိုင်နှင့် ဂိတ်မှူး အမျိုးသမီးကို ဒေါသ ထွက်လျက်ရှိ နေပါသည်။

ထိုသို့ ဂိတ်မှူး အမျိုးသမီးများ၊ တာဝန်မယူသော ကိုယ်အကျိုးသာသိသော ဂိတ်မှူးများကို မထားသင့်ကြောင်း။ ဆင်းရဲနွမ်းပါးသော ဈေးသည်လေးများ စားဝတ်နေရေး အဆင်ပြေစေရန် အစုန်ရေယာဉ်များ မော်လိုက်မြို့တွင် အနည်းဆုံး(၃၀)မိနစ် ဆိုက်ကပ်ပြီးမှ ထွက်ခွာ သင့်ပါကြောင်း။ မထွက်ခွာခင် အကြောင်းကြား ဆင်းစေပြီးမှ ထွက်ခွာ သင့်ပါကြောင်း။ အဆန်ရေယာဉ်များ မော်လိုက်မြို့တွင် ညအိပ်ရပ်နားပြီးမှ နောက်နေ့နံက်(၄း၀၀)နာရီမှ ဆက်ဆန်သင့် ပါကြောင်း ဈေးသည်များက ပြောပါသည်။

အရင်နှစ် အဆက်ဆက်ကပင် မုံရွာ-ဟုမ္မလင်း အဆန်အမြန်ယာဉ်များသည် မော်လိုက်မြို့တွင် ညအိပ် ရပ်နားပြီးမှ နောက်နေ့ မနက် (၄း၀၀)နာရီမှသာ ဆက်ဆန်ကြပါသည်။ အရင်အဆက်ဆက် ရေကြောင်း ထိန်းသိမ်းရေးမှ ညွှန်ကြားခဲ့မှုများ ရှိပါသည်။ ထိုသို့ မော်လိုက်မြို့တွင် ညအိပ်ရပ်နားဆိုက်ကပ်သဖြင့် ဆင်းရဲနွမ်းပါးသည့် ဈေးသည်လေးများ ဈေးရောင်းရ အဆင်ပြေစေပါသည်။ ခရီးသည်များအတွက် အညောင်းအညာပြေ ခြေဆန့်လက်ဆန့် နားနေနိုင်ပါသည်။ ခရိုင်မြို့ လေးလဲ စည်းစည်းကားကား ဖြစ်စေပါသည်။ ၀န်ထမ်းမြို့လေးဖြစ်ပြီး ရေကြောင်းလမ်းသာ အားကိုး သွားလာနေရသဖြင့် ဌာနဆိုင်ရာဝန်ထမ်းများလည်း သွားရအဆင်ပြေစေပါသည်။

ယခုမည့်သည့် အတွက်ကြောင့် ညအိပ်ရပ်နား ခြင်းကိုလည်း ပွင့်လင်းမြင်သာစွာ အကြောင်းပြခဲ့ခြင်းမရှိဘဲ။ မော်တော်ပိုင်များ၊ ဂိတ်မှူးများမှ မိမိအစီအစဉ်ဖြင့် လုပ်ဆောင်နေကြပါသည်။  ယခုခဲ့သို့ ညအိပ်ရပ်နားခြင်း မရှိတော့သဖြင့် ဈေးသည်များ ဈေးမရောင်းရ၊ မြို့လည်းခြောက်ကပ်ပြီး၊ ၀န်ထမ်းများ သွားလာဖို့ အတွက် အရင်ကထက် အချိန်ပိုယူရခြင်းများ ဖြစ်နေသည့်အပြင် ဆင်းရဲနွမ်းပါး တစ်နေ့ ရောင်းမှ စားသောက်ရသော ဈေးသည်လေးများ အကျင့်ပျက် ခိုးဆိုးမှုများ ပေါ်ပေါက်လာနိုင်ကြောင်း လည်း မြို့ နေ ပြည်သူများက ပြောပါသည်။

ခရီးသည်များလည်း ၄၈ နာရီလုံးလုံး စီးနှင်းနေရသည့် အတွက် ပင်ပန်းလှပြီး မော်တော်မောင်းများလည်း ပင်ပန်းမှုများရှိပြီး ရေယာဉ်တိုက်မှုများ၊ ၀ဲများရှိသည့်အတွက် လူအသက်ပေါင်းများစွာ အန္တရာယ်ရှိလာနိုင်ပါသည်။

မော်လိုက်မြို့ရှိ စားဝတ်နေရေးအတွက် ရုန်းကန်နေရသော ခေါင်းရွက်၊ ဗူးဆွဲရောင်း ဆင်းရဲနွမ်းပါးသော ဈေးသည်များအပေါ် သနားဂရုနာမထားဘဲ ဂိတ်မှူးရာထူး အာဏာဖြင့် မော်တော်များအား မဆိုက်ကပ်ရန်၊ ဆိုက်ကပ်ပြန်သော်လည်း ဈေးရောင်းခွင့် မရအောင် ချက်ချင်း ပြန်ထွက်ခိုင်းခြင်းများ၊ ဈေးတက်ရောင်းသော ဈေးသည်များအား ဆဲဆို မောင်းချခြင်းများ၊ ၀ါးလုံးဖြင့် မော်တော်သားများမှ ရိုက်ချခြင်း၊ ရေလည်ခေါင် မောင်းသွားပြီး ရေထဲ ခုန်ချ ကူးခိုင်းခြင်းများ အကြိမ်ကြိမ် လုပ်နေသည်ကို ရပ်တန့် စေလိုကြောင်း မော်လိုက်မြို့ ခံ ပြည်သူများနှင့် ဈေးသည်များက Myanmar News Now ကို ပြောပါသည်။

သစ်ထူးလွင်