Home » » စင်ကာပူရောက် မြန်မာအိမ်အကူ ထွက်ပြေးနှုန်း ဆက်လက်မြင့်တက်

စင်ကာပူရောက် မြန်မာအိမ်အကူ ထွက်ပြေးနှုန်း ဆက်လက်မြင့်တက်

Written By Unknown on Monday, June 17, 2013 | 2:21 PM

ရန်ကုန်၊ ဇွန် ၁၆

စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူ လုပ်သားများ ထွက်ပြေးနှုန်း ဆက်လက် မြင့်တက်လာကြောင်း စင်ကာပူနိုင်ငံက လာသော သတင်းများအရ သိရှိရသည်။

မြန်မာ အိမ်အကူများသည် လုပ်ငန်းနှင့် ပတ်သက်သည့် ပညာရပ်များတွင် ကျွမ်းကျင်မှု အားနည်း၍ လုပ်ငန်းရှင်များ၏ စိတ်တိုင်းကျ လုပ်ကိုင်ပေးနိုင်ခြင်း မရှိသဖြင့် ထွက်ပြေးမှုနှုန်း ပိုမို မြင့်တက်လာခြင်း
ဖြစ်ကြောင်း The Straits Times သတင်းဌာနတွင် ဖော်ပြသည်။

မြန်မာ အိမ်အကူများ ထွက်ပြေးနှုန်း မြင့်တက်လာသဖြင့် အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်များက အိမ်တိုင်ရာရောက် လိုအပ်သည့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးနေကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ယခုနှစ်တွင် မြန်မာ အိမ်အကူများ HOME(Humanitarian Organization for Migration Economics) အဖွဲ့သို့ ထွက်ပြေး တိမ်းရှောင်မှု ဇန်နဝါရီလမှ ဧပြီလအထိ ၃၁ ဦးသာ ရှိခဲ့သော်လည်း ဇွန်လတွင် အိမ်အကူ ၅၁ ဦးထိ မြင့်တက်လာခဲ့သည်။

အလုပ် လုပ်သော်လည်း လုပ်ခလစာ မရရှိကြသဖြင့် ထွက်ပြေးမှုများလည်း ရှိကြောင်း စင်ကာပူနိုင်ငံ သတင်းများအရ သိရှိရသည်။

ဘာသာစကား ကျွမ်းကျင်မှု အားနည်းခြင်း၊ အိမ်အကူနှင့် ပတ်သက်သည့် သင်တန်းပေးထားခြင်း မရှိခြင်း၊ အသက် အရွယ်ငယ်ရွယ်ခြင်း တို့ကြောင့် ဖိလစ်ဖိုင်၊ အင်ဒိုနီးရှား နိုင်ငံသားများထက် လုပ်အားခ နည်းပါးပြီး တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ ကျော်သာ ရရှိကြကြောင်း စင်ကာပူနိုင်ငံ သတင်းများက ဆိုသည်။

စင်ကာပူနိုင်ငံတွင် မြန်မာ အိမ်အကူများ ထွက်ပြေးမှု စာရင်းအရ ၂၀၁၀ ပြည့်နှစ်တွင် ၁၃ ဦး HOME တွင် ခိုလှုံခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၂၉ ဦး ခိုလှုံခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ၆၄ ဦး ရှိခဲ့သည်။ ယခုနှစ်တွင် ခြောက်လ အတွင်း ၅၁ ဦး ခိုလှုံနေကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံက စင်ကာပူနိုင်ငံသို့ အိမ်အကူ စေလွှတ်ရာတွင် ဘာသာစကား အပါအဝင် အိမ်အကူနှင့် ပတ်သက်သည့် သင်တန်းများပေးကာ အစိုးရ ခွင့်ပြုချက်ဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာ တရားဝင်
စေလွှတ်ပေးနေခြင်း ဖြစ်သည်။

ယခင်ကာလများက မြန်မာအစိုးရက အိမ်ကူကို ပြည်ပနိုင်ငံများတွင် သွားရောက် လုပ်ကိုင်ခွင့်ကို တားမြစ်ထားသော်လည်း စင်ကာပူနိုင်ငံတွင် လွန်ခဲ့သောနှစ်က မြန်မာအိမ်ကူ ၂၀,၀၀၀ ခန့်သာ ရှိရာမှ ယခုနှစ်တွင် ၂၇,၀၀၀ ခန့်ထိ မြင့်တက်လာကြောင်း The Straits Time တွင်
ဖော်ပြသည်။

The Voice Weekly