Home » » ပွဲစားလုပ်သူအား ပါးစပ် ပိတ်၍ ခြေလက်များကို သံကြိုးဖြင့်သော့ခတ် ချုပ်နှောင်ကာ ခေါ်ဆောင်

ပွဲစားလုပ်သူအား ပါးစပ် ပိတ်၍ ခြေလက်များကို သံကြိုးဖြင့်သော့ခတ် ချုပ်နှောင်ကာ ခေါ်ဆောင်

Written By Unknown on Monday, June 24, 2013 | 4:36 AM

ပုလဲ၊ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ ခင်အေးကျေးရွာအုပ်စု၊ အင်တောပြန့်စခန်း၏ အနောက် ဘက် (၄)ဖာလုံခန့် ပုလဲ - ဂန့်ဂေါ အဝေးပြေးကားလမ်း၏ မိုင်တိုင်အမှတ် (၆၁)မိုင် အနီးရှိ တောသွားလမ်း တစ်နေရာတွင် ယခုလ ၂၁ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်ခန့်က သံကြိုးများဖြင့် သော့ခတ်ချုပ်နှောင်ထားရှိ သည့် လူတစ်ဦးအား လဲကန်ရဲစခန်းမှုးနှင့်အဖွဲ့မှ တွေ့ရှိရသဖြင့် အချိန်မီကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း ရဲဌာနပိုင် မှတ်တမ်းတွင် ဖော်ထားကြောင်း သိရသည်။

“ တောသွားလမ်းတစ်နေရာမှာ မသင်္ကာဖွယ်ရာ ကာတစ်စီးမောင်းနှင်သွားတာကြောင့် အင်တောပြန့်ရွာ အုပ် ချုပ်ရေးမှုးနဲ့အတူ လဲကန်ရဲစခန်းမှုးနှင့်အဖွဲ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ကားကမောင်းနှင်ထွက်ပြေးသွားပါ တယ်။ လမ်းဘေး ၀ဲဘက်နေရာက ချူံစပ်ထဲမှာ လူနှစ်ဦးကိုတွေ့လိုက်ရပါတယ်။ တစ်ဦးက ထွက်ပြေးတိမ်ရှောင် သွားခဲ့ပြီး ကျန်တစ်ဦးကတော့ ခြေနဲ့လက်မှာ သံကြိုးများနဲ့သော့ခတ်ပြီး ချုပ်နှောင်ထားတာကို တွေ့ရှိရလို့ အချိန်မီ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်..” ဟု ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောပြသည်။

အဆိုပါ သံကြိုးများဖြင့် သော့ခတ်၍ ချုပ်နှောင်ထားခြင်းခံရသူမှာ အိမ်နံပါတ်မမှတ်မိ၊ ၆၃ x ၆၄ လမ်းကြားရှိ လမ်းအမှတ်(၂၀)၊ နန်းရှေ့၊ မန္တလေးမြို့တွင်နေထိုင်၍ ပွဲစားလုပ်ငန် လုပ်ကိုင်သူ ဦးအောင်ကျော်ထွန်း(ခ) ဦး ရှောက်ရီ(ဘ) ဦးအိုက်လီ၊ အသက်(၂၉) ဆိုသူဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်းများ၏ စစ်ဆေးပေါ်ပေါက် ချက်များအရ သိရသည်။

“ ထွက်ပြေးတိမ်းရှောင်သွားတဲ့ကားအမျိုးအစားကတော့ ဟွန်ဒါဖိ အမျိုးအစား အနီရောင်ဖြစ်ပြီး နံပါတ်မပါဘူး လို့ သိရှိရပါတယ်။ အချိန်မီ ပိတ်ဆို့ဖမ်းဆီနိုင်ရန်အတွက် နတ်ထိပ်ရဲစကင်းစခန်းကို ဆက်သွယ်အကြောင်းကြားတဲ့ အခါ နတ်ထိပ်ရဲကင်းမှုးနှင့်အဖွဲ့က ပိတ်ဆို့ ဖမ်းဆီးမှုကြောင့် ကားကိုလည်း နာရီအနည်ငယ်အတွင်းမှာ ရရှိခဲ့ ပါတယ်..” ဟု ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ဆက်လက်၍ ပြောပြသည်။

သံကြိုးများဖြင့် သော့ခတ်၍ ချုပ်နှောင်ထားခြင်းခံရသူမှ သက်ဆိုင်ရာသို့ ထုတ်ဖော်ပြောဆိုချက်များအရ ယခုလ ၁၉ ရက်နေ့ မနက် ၅/၆ နာရီဝန်းကျင်ခန့်တွင် ယခင်က သုံးလေးကြိမ်ခန့်လောက် တွေ့ဆုံရင်းနှီးမိသူ ဦးချင်း ဆိုနှင့်အဖွဲ့မှ ၎င်း၏ နေအိမ်သို့ရောက်ရှိလာပြီး ပါးစပ်ကိုပိတ်ကာ ခြေလက်များအား သံကြိုးများဖြင့် သော့ခတ် ချုပ်နှောင်၍ အဆိုပါကားဖြင့် တင်ဆောင်ခေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ပိတ်ဆို့ဖမ်းဆီးရရှိမိတဲ့ကားပေါ်ကို သက်ဆိုင်ရာက စီစစ်လိုက်တဲ့အခါ အနက်ရောင်ကျောပိုးအိတ်တစ်လုံး၊ လက်သီးဆုပ်ခန့်အရွယ်ရှိ ကျောက်စိမ်းအရိုင်းတုံး(၃)တုံး၊ ခန့်မှန်တန်ဘိုး ကျပ်သိန်းသုံးဆယ်၊ ရိုးမဘဏ်အမည်ပါ ဘဏ်ငွေစုစာအုပ် တစ်အုပ်၊ ကျောက်သွေးရာတွင်အသုံးပြုသည့် ပစ္စည်းလေးခု၊ ကျောက်အရည်အသွေးစစ်ဆေး သည့် ဓာတ်မီး(၂)လက်၊ ကျောက်ကြည့်မှန်ဘီးလူးငယ်(၁)ခု၊ မြန်မာ - တရုတ် နယ်စပ်ဖြတ်ကျော်သွားလာခွင့် လက်မှတ်စာအုပ် (၁)အုပ်၊ လက်ကိုင်ဟန်းဖုန်း သုံးလုံး၊ ငါးထောင်ကျပ်တန် ငွေစက္ကူ အရွက်ရေ(၁၀၀)တို့ကို စီစစ် တွေ့ရှိခဲ့ရပါတယ်..။ သက်သေများရှေ့မှောက်မှာ ရှာဖွေပုံစံရေးသွင်းပြီး သိမ်းဆီးခဲ့တာဖြစ်ပါတယ်..” ဟု ဖမ်းဆီးရာ တွင် သက်သေအဖြစ်လိုက်ပါခဲ့သူ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။

ရဲစခန်း၏ မှတ်တမ်းများအရ မသင်္ကာဖွယ်ရာ မောင်းနှင်ထွက်ပြေးသွားသည့် ကားပေါ်တွင်လိုက်ပါသူများ မှာ ကလေးမြို့၊ ကြို့သုံးပင်ကျေးရွာနေ (ဘ) ဦးဇမ်ခိုထောင်း၏သား ဦးထောင်ခန့်ထန်(ခေါ်) ဦးချင်း ဆိုသူနှင့် တီး တိန်မြို့ ၊ စကောလ်လမ်းနေ ဦးတွန်ဇာဂင်၏သား ဦးဇပ်ရှာလ်ကျင်(ခ) အောင်လွင် ဆိုသူတို့နှစ်ဦးဖြစ်ကြောင်း သိရသည်။

“ ကျောက်စိမ်းရောင်းရငွေ သိန်း(၅၀၀)ကျော်မပေးလို့ဆိုပြီး အခုလို သံကြိုးများနဲ့သော့ခတ် ချုပ်နှောင်ပြီး ခေါ်ဆောင်လာခဲ့တာဖြစ်ကြောင်း သူတို့ရဲ့ ထုတ်ဖော်ပြောဆိုချက်များအရ သိရပါတယ်” ဟု ပုလဲ ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိတစ်ဦးမှ ပြောပြသည်။

ကျောက်စိမ်းရောင်းရငွေ မရသည့်အတွက်ဟုဆိုကာ သံကြိုးများဖြင့်သော့ခတ်၍ ချုပ်နှောင်ခေါ်ဆောင်လာ သူများအပေါ် ပုလဲမြို့နယ် ၊လဲကန်ရဲစခန်းမှုးမှ ယခုလ ၂၂ ရက်နေ့ မွန်းလွဲအချိန်ခန့်က အရေးယူဆောင်ရွက်ပေး ပါရန် တိုင်တန်းခဲ့ရာ ပုလဲမြို့မ ရဲစခန်းမှ (ပ) ၁၁၈/၂၀၁၃ ပုဒ်မ ၃၄၃ အရနှင့် (ပ) ၁၁၉/၂၀၁၃ ကျောက်မျက်ပုဒ်မ ၄၂(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း= ကိုတိုးကြီး