Home » » ခိုးမှုသံသယဖြင့် ဖမ်းဆီးခံထားရသူ ပုသိမ်မြို့နယ်မှ အမျိုးသမီးအလောင်း ငဝန်မြစ်တွင် ပြန်လည်တွေ့ရှိမှု ခုံရုံးဖွဲ့စစ်ဆေးမည်

ခိုးမှုသံသယဖြင့် ဖမ်းဆီးခံထားရသူ ပုသိမ်မြို့နယ်မှ အမျိုးသမီးအလောင်း ငဝန်မြစ်တွင် ပြန်လည်တွေ့ရှိမှု ခုံရုံးဖွဲ့စစ်ဆေးမည်

Written By Unknown on Friday, June 21, 2013 | 2:27 AM

ခိုးမှုကျူးလွန် သံသယဖြင့် ဖမ်းဆီးခြင်းခံထားရသော ပုသိမ်မြို့နယ် လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာမှ မသန်းသန်းအေး၏ အလောင်းကို ငဝန်မြစ်ထဲတွင် ပြန်လည်တွေ့ ရှိခဲ့ခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူတို့ကိုရဲစည်းကမ်းအရ အရေးယူနေပြီဖြစ်ပြီး ယင်းသေဆုံးမှုဖြစ်စဉ်ကိုလည်း ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဟု ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဒုရဲမှူး ကြီးဦးထွန်းမင်းက ပြောသည်။

ဖြစ်စဉ်မှာ ပုသိမ်မြို့ လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာနေ ဒေါ်မြင့်မြင့်ခင်က ယင်း၏နေအိမ်တွင် ထားရှိသောငွေကျပ် ၆၅ သိန်း၊ ၈ သောင်းကျော်တန်ဖိုးရှိ ရွှေထည်များပျောက်ဆုံးသွားခဲ့၍ ပုသိမ်မြို့နယ် သင်္ဘောကျင်းရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရဲက ပြစ်မှုကျူးလွန်သူဟု ယူဆရသူ တစ်ရွာထဲနေ ကိုနန်းဝင်းကို ဖမ်းဆီးခဲ့ပြီး ၄င်း၏ထွက်ဆိုချက်အရ ကိုနန်းဝင်း၏မိန်းမ မသန်းသန်းအေးကိုပါ ထပ်မံဖမ်းဆီးကာ ရဲကစစ်ဆေးခဲ့ကြောင်း၊ ထွက်ဆိုချက်များအရ ရွှေထည်များကို သပြေပင်ချောင်းတွင် ငါးကျင်စက် တို့သည့်စက်ထဲ၌ထည့်ကာ မြှုပ်နှံခဲ့သည်ဆိုသည့်အတွက် သွားရောက်ရှာဖွေရန် ဇွန်လ ၁၇ ရက်နေ့တွင် ရဲ ၅ ဦး၊ ကျေးရွာတာဝန်ရှိသူ ၊ ရေငုပ်သမား ၃ ဦး၊ ရဲ၏အမျိုးသမီးနှင့် မသန်းသန်းအေးပါ စုစုပေါင်း ၁၃ ဦးတို့က ငဝန်မြစ်ကိုဖြတ်ကာ သပြေပင်ချောင်းအတွင်း၌ ရှာဖွေကြောင်း၊ ရှာဖွေသော်လည်း မတွေ့၍ ပြန်လာစဉ် ထိုနေ့ည ၈ နာရီ ၂ဝ မိနစ်ခန့်၌ ငဝန်မြစ်ကြက်တန်းကူးတို့ဆိပ်အနီး၌ မသန်းသန်းအေးက နောက်လှန်၍ မြစ်ထဲသို့ ခုန်ဆင်းသွားခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ဖြစ်ချင်း ရှာဖွေသော်လည်း မတွေ့ဘဲ ဇွန်လ ၁၉ ရက်နေ့ မနက် ၈ နာရီ ၄ဝ မိနစ်တွင်မှ မသန်းသန်းအေး၏ သေဆုံးရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သင်္ဘောကျင်း စခန်းမှူးရဲအုပ်ကြည်လင်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

''လိုက်ပါသွားတဲ့ ရဲတွေကို တိုင်းရဲတပ်ဖွဲ့ရဲ့အစီအမံနဲ့ ရဲစည်းကမ်းအရ အရေးယူထားပါတယ်''ဟု ၄င်းကပြောသည်။

ပ/၄၂/၂ဝ၁၃ ပုဒ်မ ၃၈ဝ ဖြင့် ကိုနိုင်ဝင်းနှင့် မသန်းသန်းအေး လင်မယားနှစ်ဦးကို သင်္ဘောကျင်းရဲစခန်းက အမှုဖွင့်ထားပြီး ယခုကဲ့သို့ မသန်းသန်းအေး သေဆုံးမှုအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ခရိုင်ရဲမှူးအဖွဲ့က ခုံရုံးဖွဲ့စစ်ဆေးမည်ဟု ဒုရဲမှူးကြီးဦးထွန်းမင်းက ထပ်လောင်းဆိုသည်။

Popular Myanmar News Journal