Home » » ကချင်တိုက်ပွဲ သေဆုံးသူများအတွက် လမ်းလျှောက်မည်

ကချင်တိုက်ပွဲ သေဆုံးသူများအတွက် လမ်းလျှောက်မည်

Written By Unknown on Wednesday, June 5, 2013 | 3:43 PM

ကချင်ပြည်နယ်တွင် ၂ နှစ်တာ ကာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ များကြောင့် ကျဆုံးခဲ့ရသော နှစ်ဖက် တပ်သားများနှင့် အပြစ်မဲ့ သေဆုံး ခဲ့ရသော ပြည်သူများကို ရည်ရွယ်ပြီး ရန်ကုန်မြို့တော်တွင် လူ ၁၀၀ ခန့် လမ်းလျှောက်မည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဦးဂျော်ဂွန်း က ပြောကြားသည်။

တိုက်ပွဲများအတွင်း သေဆုံးခဲ့သူများအတွက် ကချင်စစ်ပွဲ ၂ နှစ်ပြည့်သည့် ဇွန်လ ၉ ရက်နေ့၌ ဆူးလေဘုရားအနီးရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် လွမ်းသူ့ပန်းခွေများချကာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ အလုံမြို့နယ်တို့ကို ဖြတ်သန်း လမ်းလျှောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်တွင်းစစ် ထပ်မဖြစ်ဖို့ ရည်ရွယ်ပြီး လုပ်တာပါ” ဟု ၎င်းကဆိုသည်။

ကချင်တိုက်ပွဲ ၂ နှစ် ပြည့်သည့်နေ့တွင် အလုံမြို့နယ် သစ်တောလမ်း
ရှိ ဇောတဏရာမ ဘုန်းတော်ကြီးကျောင်း၌ အရပ်ဘက် အဖွဲ့အစည်း ၁၈ ဖွဲ့ ပူးပေါင်း၍ ကချင်ပြည်နယ်ရှိ တိုက်ပွဲများအတွင်း နှစ်ဖက် တပ်များမှ ကျဆုံးခဲ့သူများကို ရေစက်ချခြင်းနှင့် အလှူအတန်းများ ပြုလုပ်ရန်လည်း စီစဉ်ထားကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ယင်းအခမ်းအနားကို အလုံမြို့နယ်ရှိ ပိုးကရင်နှစ်ခြင်း သာသနာဝင်းအတွင်း ကနဦး စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက်မရသဖြင့် ဇောတဏရာမ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးဂျော်ဂွန်းက ရှင်းပြသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများ တစ်နှစ်ပြည့် အခမ်းအနား ကို ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ကျင်းပခဲ့ပြီး အရပ်ဘက် လူအဖွဲ့အစည်းများမှ လူ ၈၀၀ ခန့်တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ က ရန်ကုန်မြို့ရှိ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း၍ အင်းလျားကန်ဘောင်တွင် ဆန္ဒထုတ်ဖော်မှု များပြုလုပ်ခဲ့သကဲ့သို့ လူမှုအဖွဲ့အစည်းအချို့က ရန်ကုန်မြို့မှ မိုင်ပေါင်း ၇၀၀ ကျော် ကွာဝေးသော ကေအိုင်အေဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ လမ်းလျှောက်ခဲ့ကြသည်။

The Voice Weekly