Home » » အုပ်စုဖွဲ့ ပြိုင်ကားမောင်း လူသတ်မှုတွင်ပါဝင်သူ သိန်းတစ်ရာဖြင့် အာမခံရ

အုပ်စုဖွဲ့ ပြိုင်ကားမောင်း လူသတ်မှုတွင်ပါဝင်သူ သိန်းတစ်ရာဖြင့် အာမခံရ

Written By Unknown on Friday, May 31, 2013 | 4:16 PM

ရန်ကုန်၊ မေ ၃၀ / The Voice Weekly

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းမပေါ် နှင်းဆီကုန်းဘိုးဘွားရိပ်သာ ရှေ့ရှိ ဟာမစ်တစ် ကားမှတ်တိုင်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်ညက ဖြစ်ပွားခဲ့သည့် ပြိုင်ကားနှင့် လူတစ်စု၏ အုပ်စုဖွဲ့ လူသတ်မှုမှ တရားခံဟု ယူဆရသူတစ်ဦး ဖြစ်သည့် မအိန္ဒြာချိုအား ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်ကို ဝန်ခံသူနှစ်ဦးဖြင့် အာမခံ ခွင့်ပေးလိုက်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

တရားလိုပြသက်သေ စစ်ဆေးဆဲ အဆင့်တွင် မအိန္ဒြာချိုမှာ ကိုယ်ဝန်ရှိနေပြီး ကျန်းမာရေး ချို့တဲ့လွန်းသူ ဖြစ်သဖြင့် အင်းစိန်ထောင်တွင်း မွေးဖွားပါက အသက်အန္တရာယ် ရှိသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၄၉၇ ( ၁ ) အရအချုပ်မှ အာမခံခွင့် လျှောက်ထားခဲ့ ကြောင်း၊ ထိုသို့လျှောက်ထားဆဲကာလ အတွင်း ထပ်မံစစ်ဆေးခဲ့ရာ ကလေးမှာ အသက်မရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း အဆိုပါတရားရုံးထံမှ သိရှိရသည်။

ထိုအမျိုးသမီးသည် ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ ဆရာဝန်၏ဆေးလက်မှတ် ထောက်ခံချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ပြီး ပြင်ပမှ ဆေးကုသ ခွင့်ခံယူရမည့် လူနာဖြစ်ခြင်း၊ စွဲဆိုထား သောပြစ်မှုမှာ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ်စီရင်ထိုက်သည့် ပြစ်မှု မဟုတ်ခြင်း ယင်းအပြင် အာမခံပေးခွင့်မရသည့် ပြစ်မှုတွင် အာမခံ ပေးသင့်မပေးသင့်ကို အခြေအနေအရပ်ရပ်ပေါ် မူတည်၍ အချုပ်လွတ် ထုချေလွာတင်နိုင်သည်ဟု ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေ ၄၉၇ ( ၁ ) တွင် ပြဋ္ဌာန်းထားခြင်းတို့ကြောင့် ကန့်ကွက်ရန် မရှိကြောင်း နိုင်ငံတော်ကိုယ်စား လိုက်ပါ ဆောင်ရွက်သည့် ဒုတိယခရိုင်ဥပဒေ အရာရှိက လျှောက်လဲခဲ့သည်။

အင်းစိန်ထောင်ဆေးရုံမှ ဒေါက်တာ အောင်ကိုဦးက လူနာ၏ကိုယ်ဝန်မှာ ၁၆ ပတ်ကျော်နှင့် ၁၇ ပတ်ကြားသန္ဓေသားရှိနေ ပြီး အင်းစိန်ထောင်တွင် မွေးဖွားချိန်ထိ ကုသမှုခံယူရန် မသင့်တော်ကြောင်း၊ ယခု ချိန်မှစ၍ ကုသခြင်းမပြုပါက ကလေးနှင့် မိခင်၏အသက်အန္တရာယ်ကို ထိခိုက်နိုင် ကြောင်း အဆိုပါတရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကမ္ဘာအေးဘုရားလမ်းပေါ် ဟာမစ်တစ်မှတ်တိုင်၌ လူငယ်ငါးဦးပါ ပြိုင်ကားတစ်စီး စတန့်ထွင် မောင်းနှင်နေခဲ့ရာမှ ကားပျက်၍ ရပ်ထားစဉ် သေဆုံးသူ ရဲကျော်သူနှင့် သူငယ်ချင်း သုံးဦးက အနီးမှ သီချင်းဆို၍ ဖြတ်လျှောက်သွားသောကြောင့် ပြိုင်ကားမောင်းသူများက မကျေနပ်၍ မေးမြန်းခဲ့ရာ သေဆုံးသူကိုရဲကျော်သူက ပြန်လည်တောင်းပန် ခဲ့သော်လည်း ပြိုင်ကားနှင့်အဖွဲ့မှ လူတစ်ဦးက အနီးရှိ သောက်ရေအိုးဖြင့် ဦးခေါင်းကိုရိုက်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားနေစဉ် နောက်ထပ် လူလေးဦးခန့် ထပ်မံရောက်လာကာ ရဲကျော်သူကို ဝိုင်းဝန်းကန်ကျောက်ခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။