Home » » မုံရွာတွင်လက်ပစ်ဗုံးနှင့် ကျည်ဆန်များတွေ့

မုံရွာတွင်လက်ပစ်ဗုံးနှင့် ကျည်ဆန်များတွေ့

Written By Unknown on Friday, May 31, 2013 | 4:13 PM

မုံရွာ၊ မေ ၃၀ / The Voice Weekly

မုံရွာမြို့ ဝင်းယူနတီဟိုတယ်နှင့် ကွေ့ကြီးတံတားကြား ကန်သာယာ အနောက်ဘက်ခြမ်းတွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လက်ပစ်ဗုံးနှစ်လုံး၊ ကျည် ၁၇ တောင့်နှင့် နိုကီယာဖုန်း ဟန်းဆက်တစ်လုံးကို တွေ့ရှိခဲ့၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ကွေ့ကြီးရပ်ကွက် ဒေသခံများက ပြောကြားသည်။

ကွေ့ကြီးရပ်ကွက်မှ အမျိုးသားတစ်ဦးသည် ကြက်စာအတွက် ကန်စွန်းရွက် ဆင်းခူးရာမှ အထုပ်တစ်ထုပ်ကို နင်းမိပြီး ကုန်းပေါ်သို့ ဆယ်ယူဖွင့်ကြည့်ရာ လက်ပစ်ဗုံးနှစ်လုံး၊ ကျည်ဆန်များ တွေ့ရှိသောကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်း ကြားခဲ့ခြင်း ဖြစ်ကြောင်း ကန်သာယာအနီး တွင် ကွမ်းယာရောင်းချသူ တစ်ဦးက ပြောကြားသည်။

ယင်းတွေ့ရှိခဲ့သော လက်ပစ်ဗုံး နှင့်ကျည်တောင့်များကို စစ်ဆေးရာ လက်ပစ်ဗုံးမှာ ဖျူးစ်မပါတော့ဘဲ ၉၁ ဗုံးသီးအမျိုးအစားဖြစ်ပြီး ကျည်ဆန် ၁၇ တောင့်မှာ ၅ ဒသမ ၅၆ကျည်များ ဖြစ်ကြောင်း၊ နိုကီယာ အမျိုးအစား ဖုန်းဟန်းဆက်မှာ အပြာရောင်ဖြစ်ပြီး ဆင်းကတ်ပါရှိကာ ဘက်ထရီ မပါရှိတော့ ကြောင်း ယင်းနေရာသို့ သွားရောက် စစ်ဆေးမှုတွင်ပါဝင်ခဲ့သည့် အရာရှိတစ်ဦးက ဆိုသည်။

လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆန် ၁၇ တောင့်ကို ခမရ (၁၆) မှ တာဝန်ရှိ တပ်မတော်သား တစ်ဦးက သိမ်းဆည်း သွားပြီး နိုကီယာဟန်းဆက်ကိုမူ စစ်ဆေးမှု ပြုလုပ်နိုင်ရန် မုံရွာရဲစခန်းက သိမ်းဆည်း ထားခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။