Home » » နိုင်ငံတော် သမ္မတ ဦးသိန်းစိန် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံ

Written By Unknown on Sunday, January 5, 2014 | 9:14 PM

နေပြည်တော် ဇန်နဝါရီ ၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ တောင်သူ ပညာပေး စက်မှုလယ်ယာ စံပြစိုက်ခင်း ဧက (၅၀၀) အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ အထူးအကြံပေး ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူးချုပ် ပဒို စောကွယ်ထူးဝင်း၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် ပဒို စောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒို စောတာဒိုမူး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်မှ အရာရှိကြီးများနှင့် တပ်မဟာမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌက နှစ်သစ်ကူး လက်ဆောင် အဖြစ် ကရင်အမျိုးသား ဝတ်စုံကို အမှတ်တရ ဝတ်ဆင်ပေးသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ခေါင်းဆောင်သည့် အဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိရေးအတွက် ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့မှု အခြေအနေ၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ယုံကြည်မှု တည်ဆောက်ရေးတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များနှင့် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ခေါင်းဆောင်သော အဖွဲ့တို့သည် အစည်းအဝေး ခန်းမရှေ့၌ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ယခု တွေ့ဆုံ ဆွေးနွေးမှုမှာ နိုင်ငံတော် သမ္မတနှင့် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ခေါင်းဆောင်သော အဖွဲ့တို့၏ လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး နှစ်ဖက်စလုံးက တွေ့ဆုံ ဆွေးနွေးခြင်းသည်သာ ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်းနှင့် ပြည်သူများ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ရန် အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်မံ အတည်ပြု ပြောကြားခဲ့ကြသည်။

MOI Webportal Myanmar