Home » » ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ကျောင်းသား ပါလီမန်တွင် မိန့်ခွန်းပြောမည်

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ကျောင်းသား ပါလီမန်တွင် မိန့်ခွန်းပြောမည်

Written By Unknown on Monday, January 6, 2014 | 5:13 PM

ရန်ကုန်၊ ဇန်နဝါရီ ၅

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပြုလုပ်မည့် အိန္ဒိယ ကျောင်းသား ပါလီမန် (Indian Student Parliament (ISM) သို့ တက်ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အိန္ဒိယနိုင်ငံ Pune မြို့တွင် ဇန်နဝါရီလ ၁၀ ရက်မှ ၁၂ ရက်နေ့အအထိ သုံးရက်ကြာ ပြုလုပ်မည့် အိန္ဒိယ ကျောင်းသား ပါလီမန် ပထမနေ့တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း အိန္ဒိယ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“အိန္ဒိယကို သွားဖို့တော့ သေချာတယ်။ ဘယ်နေ့ သွားမယ်တော့ အတိအကျ မသိသေးပါဘူး” ဟု NLD ဗဟိုအလုပ် အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။

အိန္ဒိယ ကျောင်းသား ပါလီမန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါကစ္စတန် ကျောင်းသူ မာလာလာလည်း အတူတက်ရောက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားမည် ဖြစ်ပြီး ယင်းမှာ ပါကစ္စတန် နိုင်ငံသူ မာလာလာအတွက် ပထမဆုံး အိန္ဒိယခရီးစဉ်တစ်ရပ် ဖြစ်လာမည် ဖြစ်ကြောင်း အထက်ပါ သတင်းအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ငယ်စဉ်က မိခင်ဖြစ်သူ သံအမတ်ကြီး ဒေါ်ခင်ကြည်နှင့် အိန္ဒိယနိုင်ငံတွင် ငါးနှစ်ခန့် နေထိုင်ခဲ့ဖူးပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ် သွားရောက်ကာ အိန္ဒိယနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယခရီးစဉ် မတိုင်မီ ချင်းပြည်နယ်သို့ သွားရောက်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ ပြလုပ်မည် ဖြစ်ပြီး အိန္ဒိယခရီးစဉ်မှာ ၂၀၁၄ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

The Voice Weekly