Home » » ကျွမ်းကျင်လုပ်သား ရှားပါးမှု အထည်ချုပ်ကဏ္ဍ အကြီးမားဆုံး ပြဿနာဟုဆို

ကျွမ်းကျင်လုပ်သား ရှားပါးမှု အထည်ချုပ်ကဏ္ဍ အကြီးမားဆုံး ပြဿနာဟုဆို

Written By Unknown on Monday, January 6, 2014 | 2:56 PM

ရန်ကုန်၊ ဇန်နဝါရီ ၅

လုပ်သားအင်အား များစွာကို အလုပ်အကိုင် အခွင့်အလမ်း ပေးထားနိုင်သည့် မြန်မာ့အထည်ချုပ် လုပ်ငန်းကဏ္ဍအတွင်း လုပ်ငန်းရှင်များ၏ အကြီးမားဆုံး ပြဿနာမှာ ကျွမ်းကျင်လုပ်သား ရှားပါးမှု ဖြစ်လာကြောင်း ပြည်တွင်း အထည်ချုပ် လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

အထည်ချုပ်ကဏ္ဍသည် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် အနောက်နိုင်ငံများသို့ မတင်ပို့နိုင်ခဲ့ခြင်းသည် အကြီးမားဆုံး ပြဿနာ ဖြစ်ခဲ့ပြီး အစိုးရသစ် တက်လာပြီးနောက် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းချိန်တွင် ကျွမ်းကျင်လုပ်သား ရှားပါးမှုမှာ အဓိကပြဿနာ ဖြစ်လာခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးသော မြန်မာနိုင်ငံတွင် အထည်ချုပ် ကဏ္ဍသည် အလုပ်အကိုင် များစွာကို ပေးထားနိုင်သော်လည်း စွမ်းအားမြင့် ကျွမ်းကျင် အထည်ချုပ် လုပ်သားရရှိမှုမှာ နည်းပါးလာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။
“ဗီယက်နမ်နဲ့ မြန်မာရဲ့ လုပ်သားစွမ်းအားက နှစ်ဆကွာပါတယ်။ တရုတ်နိုင်ငံနဲ့ဆို လေးဆကွာပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ကျွမ်းကျင်လုပ်သား ရရှိရေးအတွက် အထည်ချုပ် လုပ်သားများကို သင်တန်းများ ပေးလျက်ရှိပြီး အခြေခံအဆင့် လုပ်သားတစ်ဦးအတွက် အချိန်သုံးလနှင့် ကျွမ်းကျင်လုပ်သား တစ်ယောက် ရရှိရေးအတွက် အချိန်တစ်နှစ်ခန့် လိုအပ်သည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ယင်းအပြင် အထည်ချုပ်ကဏ္ဍရှိ လုပ်သားအများစုမှာ အမျိုးသမီးများ ဖြစ်နေခြင်းကြောင့် ရွှေ့ပြောင်း လုပ်ကိုင်ရသည့် ပြဿနာများ၊ ရန်ကုန်မြို့ရှိ လူနေမှုစရိတ် ကြီးမြင့်မှုနှင့် အမျိုးသမီးများကို ဥပဒေအရ အကာအကွယ် ပေးနိုင်မှု နည်းပါးခြင်း များသည်လည်း လုပ်သားအင်အား ရှားပါးခြင်းကို ဖြစ်ပေါ်စေကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

လစာရရှိမှု နည်းပါးခြင်း၊ ရန်ကုန်မြို့တွင် အိမ်ခန်းခဈေးများ ကြီးမြင့်ခြင်း၊ စားစရိတ်နှင့် အခြားအထွေထွေ ကုန်ကျစရိတ် များကြောင့် အဆင်မပြေကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ ရှိ အထည်ချုပ် စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် အထည်ချုပ် လုပ်သား အမျိုးသမီး ဒေါ်ဝင်းဝင်းမာက ဆိုသည်။

မြန်မာ့ အထည်ချုပ်လုပ်ငန်းသည် ၂၀၁၁ ခုနှစ် ဝန်းကျင်ခန့်က လုပ်ခလစာ ပြဿနာများ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများနှင့်အတူ အလုပ်သမားများ၏ ဆန္ဒပြမှုများကြောင့် နာမည်ဆိုး ရှိခဲ့သည်။

The Voice Weekly