Home » » ၂၀၁၃ အတွင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၁၃၀ ကျော် ရှိခဲ့

၂၀၁၃ အတွင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၁၃၀ ကျော် ရှိခဲ့

Written By Unknown on Friday, January 10, 2014 | 3:35 PM

မြန်မာတစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းက ခွေးရူးရောဂါကြောင့် သေဆုံးခဲ့သူပေါင်း ၁၃၀ ကျော် ရှိခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် ၂၀၁၃ ခုနှစ်အတွင်း ခွေးရူးရောဂါဖြစ်ပွားပြီး သေဆုံးသူ ၂၀ ဦးမှ ၃၀ ဦးခန့်အထိ ရှိခဲ့ကာ ခွေးရူးရောဂါဖြစ်ပွားမှုနှုန်း အများဆုံးအဖြစ် ရပ်တည်လျက်ရှိကြောင်း နေပြည်တော်ရှိ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ သတင်းရရှိသည်။
““ခါတိုင်းနှစ်တွေက တစ်နှစ်ကို ပျမ်းမျှ အယောက် ၂၀၀ သေဆုံးတယ်။ ဒီနှစ်မှာ သေဆုံးတဲ့ဦးရေ ကျသွားလို့ ဖြစ်ပွားမှုနှုန်းလျော့သွားတယ်လို့တော့ ပြောမရဘူး။ ပြည်သူတွေဘက်က ကျန်းမာရေးဌာနတွေကို အကြောင်းမကြားတာတွေလည်း ရှိနေနိုင်သေးတယ်”” ဟု ယင်းဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနုနုကြည်က ထည့်သွင်းပြောသည်။

၂၀၀၅ မှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကြောင့် သေဆုံးသူပေါင်း ၁၆၀၀ ဦးခန့် ရှိနေပြီး တစ်နှစ်လျှင် ပျမ်းမျှ ၂၀၀ ခန့်ထိ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

၂၀၂၀ ပြည့်နှစ်တွင် အရှေ့ တောင်အာရှနိုင်ငံ အားလုံး၌ ခွေးရူးရောဂါ လုံးဝပပျောက်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က လမ်းပြမြေပုံထုတ်ပြန်ခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၂ ခုနှစ်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၌ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်းတွင် ခွေးရူးပြန်ကာကွယ်ဆေး အလုံးပေါင်း တစ်သိန်းနှစ်သောင်းနီးပါး ကနဦး ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း ဒေါက်တာနုနုကြည်ကဆိုသည်။

မြန်မာနိုင်ငံတွင် ခွေးရူးရောဂါပပျောက်ရေးအတွက် ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မွေးမြူရေးဦးစီးဌာနတို့အား ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO အပါအ၀င် တိရစ္ဆာန်မွေးမြူရေးနှင့်ပတ်သက်သည့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် OIE နှင့် FAO စသည့် အဖွဲ့များကပါ ပူးပေါင်းလုပ်ဆောင်နေကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ သတင်းရရှိသည်။

7day Daily