Home » » ကော့သောင်းမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး ခဲဆိပ်သင့်နှင့် ဆင်တူသော လက္ခဏာများတွေ့

ကော့သောင်းမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး ခဲဆိပ်သင့်နှင့် ဆင်တူသော လက္ခဏာများတွေ့

Written By Unknown on Saturday, January 18, 2014 | 3:28 PM

ကော့သောင်း၊ ဇန်နဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အောင်ဘာကျေးရွာ အုပ်စု ညောင်ဝိ ကျေးရွာတွင် ကလေးနှင့် လူကြီးများ အပါအဝင် ရွာလုံးကျွတ်နီးပါး ခဲဆိပ်သင့်သည်နှင့် ဆင်တူသော ရောဂါ လက္ခဏာများ တွေ့ရှိရကြောင်း ညောင်ဝိ ကျေးရွာသားများထံမှ သိရသည်။

နှာခေါင်းမှ သွေးကျခြင်း၊ မျက်စိရောင်ခြင်း၊ နားကိုက်ခြင်း၊ မျက်နှာရောင်ရမ်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မူးဝေ အော့အန်ခြင်း စသည့် ဝေဒနာများကို ခံစားနေရကြောင်း အထက်ပါ ရွာသူရွာသားများက ပြောကြားသည်။
“ရင်ဘတ်အောင့်တယ်၊ နှပ်ညှစ်ရင် သွေးပါတယ်။ တစ်ခါမှ မဖြစ်ဖူးဘူး။ ဒါပထမဆုံးအကြိမ်ပဲ။ ကလေးတွေမှာ အဖြစ်များတယ်” ဟု ယင်းရွာသူ ဒေါ်မီးပုက ပြောကြားသည်။

တစ်ဦးနှင့်တစ်ဦး ရောဂါဖြစ်ပုံခြင်း မတူဘဲ အချို့မှာ အရေပြားရောဂါများ ဖြစ်ကြောင်း ညောင်ဝိကျေးရွာ ကျန်းမာရေးမှူး ဦးရှမ်းလေးက ပြောဆိုသည်။

ယင်းသို့ ဝေဒနာခံစားနေရသည့် လူနာပေါင်း မြန်မာ ၁၅၂ ဦး၊ ဆလုံလူမျိုး ၅၂ ဦးပါကြောင်း၊ နှာခေါင်း ပူစပ်ပူလောင် ဖြစ်ကာ သွေးကျသည့် အရေးပေါ်လူနာမှာ လက်ရှိ အချိန်အထိ ၁၇ ဦးရှိနေပြီ ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးရှမ်းလေးက ပြောကြားသည်။

ရွာတွင် ရာသီဥတု ဖောက်ပြန်ခြင်း မရှိသော်လည်း ယခုလအတွင်း ကမ်းနားနှင့် ကမ်းနဖူးတွင် လာတင်နေသည့် ရေညှိများ ယခင်ကထက် ပိုများလာပြီး ယင်းရေညှိများသည် ဒီရေတက်လာချိန်တွင် ဆိုးဝါးစူးရှသည့် အနံ့အသက် ထွက်လာကြောင်း ကျန်းမာရေးမှူး ဦးရှမ်းလေးက ပြောသည်။
“ပင်လယ်ရေကနေ လာတဲ့ လေထု ညစ်ညမ်းမှုနဲ့လည်း ဆိုင်မယ်ထင်တယ်။ တံငါရွာဆိုတော့ ပညာရှင်လည်း မရှိတော့ သိပ်ပြီးထွေထွေထူးထူး နားလည်တာမျိုး မရှိဘူး” ဟု ၎င်းကဆိုသည်။

ခံစားနေရသည့် ဝေဒနာ အခြေအနေနှင့် လူဦးရေ စာရင်းကို ပြုစုကာ ကျန်းမာရေး စောင့်ရှောက်မှု လာရောက် ပြုလုပ်ပေးရန် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများသို့ တင်ပြသွားမည် ဖြစ်ကြောင်း အထက်ပါ ကျန်းမာရေးမှူးက ထပ်လောင်းပြောသည်။
“ပင်လယ်ကမ်စပ် နားမှာနေတာ ဆိုတော့ ခဲဆိပ်သင့်တာ ဖြစ်နိုင်တယ်” ဟု ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

ညောင်ဝိ ကျေးရွာသည် အောင်ဘာ ကျေးရွာခွဲတစ်ခုဖြစ်ပြီး အိမ်ခြေ ၇၀၊ လူဦးရေ ၂၀၀ ကျော်နီးပါး နေထိုင်သည့် တံငါရွာတစ်ရွာ ဖြစ်သည်။

ကော့သောင်းမြို့နှင့် အောင်ဘာ ကျေးရွာသည် မိုင်ပေါင်း ၆၈ မိုင်နီးပါး ဝေးကွာသည်။

(Dawei Watch)

The Voice Weekly