Home » » နှစ်သစ်ကူးည အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှု တစ်ဦးသေဆုံး

နှစ်သစ်ကူးည အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှု တစ်ဦးသေဆုံး

Written By Unknown on Thursday, January 2, 2014 | 2:05 PM

နှစ်သစ်ကူးညအချိန် လူငယ်တစ်စုနှင့် အမျိုးသားသုံးဦး စကားများရန်ဖြစ်ပြီး အရက်ပုလင်းကွဲများဖြင့် ရိုက်နှက်ခဲ့၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရွှေပြည်သာမြို့နယ်၊ ၁၀ ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းနှင့်ပြည်တော်သာပတ်လမ်းဆုံတွင်  ဇန်န၀ါရီလ ၁ရက် နံနက် ၂ နာရီအချိန်က အမျိုးသားရှစ်ဦး ဂစ်တာတီးသီချင်းဆိုနေစဉ် လမ်းဖြတ်သွားသည့် အခြားအမျိုးသားသုံးဦးနှင့် စကားများရန်ဖြစ်ခဲ့သည်။ ထိုသို့ အပြန်အလှန်ထိုးကြိတ်ကာ ရန်ဖြစ်နေစဉ် အမျိုးသားရှစ်ဦးတို့က အရက်ပုလင်းများဖြင့် ရိုက်နှက်ခဲ့ပြီး အဆိုပါပုလင်းကွဲများဖြင့် ထိုးခဲ့၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

““သေသွားတဲ့ကောင်လေးတွေက အင်းစိန်ပြန်တာ။ သူတို့က အင်းစိန်က သူတို့သူငယ်ချင်းတွေဆီလာတာ။ ဟိုကောင်တွေက နောက်ကနေရန်စတော့ စကားများကြတာ။ နဂိုကတည်းက သူတို့ချင်းမသိကြပါဘူး။ သေသွားတဲ့သူက ဗိုက်ထိပြီးဆုံးသွားတာ။ အခု လိုက်ဖမ်းတုန်းပဲ။ မမိသေးဘူး””ဟု ရွှေပြည်သာမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူကို အင်းစိန်ဆေးရုံသို့ပို့စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးမှုနှင့်ပတ်သက်၍ အဆိုပါရှစ်ဦးကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ အရ လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး ၎င်းတို့အား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။

7day Daily