Home » » အမေရိကန် စွမ်းအင်ကုမ္ပဏီ မန္တလေးတွင် သဘာဝ ဓာတ်ငွေ့အင်ဂျင်စက်ရုံ တည်ဆောက်မည်

အမေရိကန် စွမ်းအင်ကုမ္ပဏီ မန္တလေးတွင် သဘာဝ ဓာတ်ငွေ့အင်ဂျင်စက်ရုံ တည်ဆောက်မည်

Written By Unknown on Tuesday, January 14, 2014 | 8:33 PM

မန္တလေး၊ ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် လေ့လာမှုများ ပြုလုပ်လျက်ရှိရာ ကျောက်ဆည် စက်မှုဇုန်တွင် အမေရိကန်ပြည်ထောင်စု အခြေစိုက် APR စွမ်းအင် ကုမ္ပဏီက မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်ပေးနိုင်သည့် သဘာဝ ဓာတ်ငွေ့ အင်ဂျင်စက်ရုံ တည်ဆောက်ရန် စတင် ပြင်ဆင်နေကြောင်း ဇန်နဝါရီလ ၁၃ ရက် နေ့တွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ပေးရေး လုပ်ငန်း အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အင်ဂျင် စက်ရုံ တည်ဆောက်မည့် စီမံကိန်း အတွက် အိတ်ဖွင့် တင်ဒါကို ပြည်တွင်းပြည်ပ စွမ်းအင် ကုမ္ပဏီ ခုနစ်ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်အနက် APR ကုမ္ပဏီက တင်ဒါ ရရှိခဲ့သဖြင့် ကုမ္ပဏီ အနေနှင့် ဧပြီလအတွင်း အပြီး တည်ဆောက်ရန် မြေများ စတင်ပြုပြင်နေကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ယင်း ဓာတ်ငွေ့အင်ဂျင် စက်ရုံက ၃၃ KV လိုင်းဖြင့် ဘဲလင်း ဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပြီး မဟာ ဓာတ်အားလိုင်းသို့ ပေးပို့မည် ဖြစ်ပြီး အဆိုပါ အင်ဂျင် စက်ရုံ လည်ပတ်ရန် သဘာဝ ဓာတ်ငွေ့များကို ကျောက်ဖြူမှ ကူမင်းသို့ ပေးပို့မည့် သဘာဝ ဓာတ်ငွေ့လိုင်းရှိ ရွှေသဘာဝ ဓာတ်ငွေ့တွင်းမှ ရယူမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်း တာဝန်ရှိသူများက ထပ်လောင်း ပြောကြားသည်။

“အဲဒီ သဘာဝ ဓာတ်ငွေ့ အင်ဂျင်စက်ရုံက တရုတ်နိုင်ငံ အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ မှန်စက်ရုံနားမှာ ရှိတယ်” ဟု ယင်းလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ကျောက်ဆည် စက်မှုဇုန်တွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့ အင်ဂျင်စက်ရုံနှင့် ပတ်သက်၍ APR စွမ်းအင် ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ တရားဝင် စာချုပ်မချုပ် ရသေးသဖြင့် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မပြုနိုင်သေးကြောင်း APR ကုမ္ပဏီ အကြံပေး အငြိမ်းစား အင်ဂျင်နီယာချုပ် ဦးကျော်ကျော်က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၏ ဥပဒေအရ အမေရိကန်ပြည်ထောင်စုမှ နိုင်ငံခြားသို့ သွားရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများသည် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် သဘောတူ စာချုပ် မဖြစ်မြောက်မီ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများကို တရားဝင် ထုတ်ဖော် ပြောကြားခွင့် မရှိသည့် အတွက် အမေရိကန် ကုမ္ပဏီက အသေးစိတ် ပြောခွင့်ကို တားမြစ်သည့် ဥပဒေပြဋ္ဌာန်း ချက်များ ရှိကြောင်း မန္တလေးမြို့ပေါ်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်၍ လုပ်ကိုင်နေသည့် ဥပဒေ အတိုင်ပင်ခံများက ဆိုသည်။

မန္တလေးမြို့တော် ဓာတ်အား ပျောက်ဆုံးခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ပထမပတ် အတွင်းက ကျင်းပခဲ့ပြီး ယင်းပွဲတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းသန်းက တိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ်ဝန်ထမ်း များနှင့် တွေ့ဆုံစဉ် APR ကုမ္ပဏီက သဘာဝဓာတ်ငွေ့ အင်ဂျင် စက်ရုံ တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်၍ အတည်ပြု ပြောကြား သွားခဲ့ကြောင်း အဆိုပါ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်း အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly